Saturday, March 22, 2014

ဒိဗ္ဗသောတ အဘိညာဉ်


နတ်တို့၏ နားသည် လူဖြစ်စဉ်က ပြုလုပ်ဆည်းပူး အားထုတ်အပ်သော ကောင်းမှုကံကြောင့် ဖြစ်ပေါ်လာသဖြင့် သည်းခြေ၊ သလိပ်၊ သွေးစသော အပိတ် အပင် အနှောက်အယှက်များ မရှိပေ။ ထိုသို့ ညစ်ညူးမှု ကင်းသောကြောင့် နတ်တို့၏ နားသည် အဝေးမှအသံနှင့် အလွန်တိုးသော အသံတို့ကိုကြားနိုင်ကြသည်။

ဒိဗ္ဗသောတအဘိညာဉ်ရ တန်ခိုးရှင်၏နားသည်လည်း ဈာန်သမာဓိ စွမ်းအားကြောင့် လူသာမာန်တို့နားထက်ထူးခြားသော စွမ်းရည် ဖြစ်ပေါ်လာရသည်။ အဝေးမှ အသံ အလွန်တိုးသောအသံတို့ကို ကြားနိုင်၏။ ထို့ကြောင့်ဒိဗ္ဗသောတအဘိညာဉ်ရ တန်ခိုးရှင်၏ နားအကြားစွမ်းအင်သည် နတ်တို့၏ နားအကြား စွမ်းအင်နှင့် တူညီသည်။ ဒိဗ္ဗ+သောတ၊ ဒိဗ္ဗ=နတ်တို့၏ နားနှင့်တူသော+သောတ=နား။

ဒိဗ္ဗသောတအဘိညာဉ်ဖြစ်ပေါ်ပုံ စတုတ္ထဈာန်ရပြီးသောပုဂ္ဂိုလ်သည်အဘိ
ညာဉ်၏ အခြေခံဖြစ်သော စတ္ထုတ္ထဈာန်ကိုဝင်စား၍ ထိုဈာန်မှ ထပြီးနောက် ကြိုတင်ပြင်ဆင်မှုပရိကံကိုပြုရသည်။ ရှေ့ဦးစွာ ပကတိနားဖြင့်ကြားနိုင်လောက်သည့် ကျောင်းတိုက်မှ ခေါင်းလောင်း ထိုးသံ စည်သံ၊ ခရုသင်းသံ၊ ရဟန်း သာမဏေငယ်တို့၏ စာရွတ်ဆိုသံ သာမာန်စကား ပြောသံ၊ ရေနွေးဆူသံ၊ နေပူကျဲကျဲ၌ ထင်းရွက်ခြောက်ဖြစ်ဖြစ်မည်သံ၊ ပုရွက်ဆိတ်၊ ခြ၊ သန်း၊ ကြမ်းပိုးတို့မည်သံ စသည်အား
ဖြင့်အကြမ်းဆုံး အကျယ်ဆုံးအသံမှ အတိုးဆုံး အနှုးညံ့ဆုံး အသံအထိ အသံအာရုံများကို နှလုံးသွင်းရမည်။ ထိုအသံတို့ကို အရပ် ဆယ်မျက်နှာလုံး၌ နှလုံးသွင်းဆင်ခြင်အပ်၏။ ထိုသို့ နှလုံ့းသွင်းသောအခါ ထိုအသံတို့သည် ပကတိစိတ်၌ပင်ထင်ရှားလာကုန်၏။ ပရိကံပြုသော သမာဓိစိတ်၌မူကား ပိုမိုပေါ်လွင် ထင်ရှားလာကုန်၏။

အရပ်ဆယ် မျက်နှာရှိသည့်အနက် အရပ်မျက်နှာ တစ်ခုစီကို စိတ် အာရုံစူးစိုက်၍ အဓိဋ္ဌာန်ပြုရမည်။ ဥပမာ အရှေ့အရပ်၌ ရှိ နတ်တို့ အသံကို ကြားစေသတည်း။ သို့မဟုတ် ပဲခူးမြို့ရှိ မည်သည့်ကျောင်း။

မည်သည့် နေအိမ်မှ အသံကို ကြားရစေသတည်း စသည်ဖြင့် အလိုရှိသမျှအဓိဋ္ဌာန်ပြု၌ စတုတ္ထဈာန်ကိုပြန်ဝင်စားရသည်။ ထိုစတုတ္ထ
ဈာန်မှာအဘိညာဉ်ဇော တစ်ကြိမ်သာဖြစ်၍ ဒိဗ္ဗသောတ အဘိညာဉ်ဟု ခေါ်ရသည်။

ထိုအဘိညာဉ်ကို အားကောင်းအောင်ပြုလုပ်လိုသော ပုဂ္ဂိုလ်သည် အသံကို မိမိကြားလိုသောအရပ်ဖြင့်ပိုင်းခြားရမည်။ လက်တစ်သစ်၊
နှစ်သစ်၊ လေးသစ်၊ ရှစ်သစ်၊ တစ်ထွာ၊ တစ်တောင်၊ အခန်းတွင်း၊ ကျောင်းဦးပြသာဒ်၊ ပရိဝုဏ်၊ သံဃာ့အရံ၊ ဆွမ်းခံရွာ၊ ဇနပုဒ် စသည်
ဖြင့် စကြာဝဠာ တံတိုင်းတိုင်အောင် လည်းကောင်း၊ ထိုထက် ကျော်လွန်၍လည်းကောင်း ကြားလိုရာ အရပ်ကို ပိုင်းခြား၍ အဘိညာပါဒ
ကဈာန်ကို ပွားများဝင်စားရာ၏။ အကြိမ်များစွာ လေ့ကျင့်ပြီးသော ပုဂ္ဂိုလ်များမှာမူ အဘိညာပါဒက ဈာန်ကို တဖန် မ၀င်စားတော့ဘဲ အဓိ
ဋ္ဌာန်ပြုပြီးနောက် ဒိဗ္ဗသောတအဘိညာဉ်စိတ် တိုက်ရိုက်ဖြစ်ပေါ်၍ ကြားနိုင်ကြသည်။ ဤသို့ကြားရာ၌လည်း အသံတို့သည် ဗြဟ္မာ့ပြည်
တိုင်အောင် ပျံ့တက်လျက် ခရုသင်း ထက်စည် အိုးစည် မောင်းစသော အသံများဖြင့် အုတ်အုတ်ကျက်ကျက် ရောယှက်ဆူပွက်နေစေကာမှု မိမိကြားလိုသောအသံကို ဤကား ခရုသင်သံ၊ ဤကား ထက်စည်သံ စသည်ဖြင့် ခွဲခြားထုတ်စစ်၍ အလိုရှိရာအသံကို ပြတ်ပြတ်သားသား ကြားနိုင်စွမ်းရှိသည်။

နားပင်းနေသူ ဒိဗ္ဗသောတ အဘိညာဉ်မရနိုင် ပကတိအားဖြင့် နားကောင်းသူသည် သင့်လျော်ရာအရပ်မှ အသံများကို ကြားနိုင်စွမ်းရှိ
သည်။ ပင်ကိုယ်က နားမကောင်းသူ၊ နားပင်းသူများမှာ မည်သည့်အသံမျှ ကြားနိုင်စွမ်းမရှိပေ။ ထို့အတူပင် ဒိဗ္ဗသောတအဘိညာဉ်ဖြင့် ဝေးသော အသံ၊ နီးသော အသံ၊ တိုးတိုးသံ၊ သိမ်မွေ့သောအသံ စသည်တို့ကို အလိုရှိသလိုကြားနိုင်သည်ဟု ဆိုသော်လည်း မူလပဋိသန္ဓေကပင် နားပင်းလာသူများမှာ ဒိဗ္ဗသောတအဘိညာဉ်ကိုမရနိုင်ပေ။

ဘာသာခြားစကားသံကိုဒိဗ္ဗသောတ အဘိညာဉ်ဖြင့်သိနိုင်ပါသလား။
ဒိဗ္ဗသောတ အဘိညာဉ်ရသော ပုဂ္ဂိုလ်သည် မည်သည့်ဗြဟ္မာ လူနတ်တို့က ပြောသည်ဖြစ်စေ ကျယ်ကျယ်တိုးတိုး အမျိုးမျိုးသောအသံ
ကို အမှန်ပင် ကြားနိုင်ပေသည်။ သို့ရာတွင် ဒိဗ္ဗသောတ အဘိညာဉ်ရ ပုဂ္ဂိုလ်သည် ဘာသာကွဲ စကားသံများကို ကြားလျှင် သိပါသလား။ အဓိပ္ပါယ် နားလည်ပါသလားဟု မေးငြားအံ့။ မသိနိုင်ချေ။ သို့သော် ပရစိတ္တ၀ိဇာနာန အဘိညာဉ်ဖြင့် စကားပြောသူ၏ စိတ်အလိုကို သိအောင်ပြု၍ လာသာခြားစကားသံ၏ ဆိုလိုရင်း အဓိပ္ပါယ်ကို သိရှိနားလည်နိုင်ပါသည်။

(ပဏ္ဍိတဝေဒနိယကျမ်း)

ဗုဒ္ဓဘာသာလက်စွဲကျမ်း

No comments:

Post a Comment