Sunday, March 30, 2014

``နှုတ်ကြွေး´´


ယမန်နေ့ထုတ် The Pyi Myanmar Dailyပါ ဆောင်းပါး။
``နှုတ်ကြွေး´´

မိမိနဲ့ညီအစ်ကိုရင်းချာတွေလို ခင်မင်ရင်းနှီးတဲ့ ဆေး(၁)က Part.2ကျောင်းသားလေးတစ်ဦးက ``ဦးခေ လှုပါ့ မယ်လို့ ကတိပေးထားပြီး မလှုဖြစ်ရင် ဘယ်လိုအပြစ်ဖြစ်လဲဟင်´´လို့ ဖုန်းဆက်ပြီး မေးလာပါတယ်။ ``ဘာ ဖြစ်လို့ မေးတာလဲ ´´ ပြန်မေးတော့ သူ့သူငယ်ချင်းတစ်ဦးရဲ့ မိဘများဟာ ဘုန်းကြီးတစ်ပါးကို သိမ်လှုပါ မယ်။ လောလောဆယ် ဘုန်းကြီးက ငွေစိုက်ပြီးဆောက်ထားနှင့်ပါ။ အားလုံးပြီးတာနဲ့ ကုန်ကျစရိတ်ကို လှုပါ မယ်လို့ လျှောက်ထားပြီး ဘုန်းကြီးက သိမ်ပြီးပြီလို့ အကြောင်းကြားလာတော့ လုပ်ငန်းတွေအဆင်မပြေဖြစ်ပြီး ဘေးကြပ်နံကြပ်ဖြစ်နေတော့ မလှုနိုင်ဘူးဖြစ်နေတယ်။ အဲဒါကြောင့် သူ့သူငယ်ချင်းက မေးခိုင်းလို့မေးတာပါလို့ ပြောပြပါတယ်။

သူ့စကားနားထောင်ပြီးတော့ မိမိငယ်တုန်းက အဖြစ်အပျက်လေးတစ်ခုကို သွားသတိရမိပါတယ်။ မိမိအင်မတန် လေးစားချစ်ခင်ကြည်ညိုရတဲ့ ဆရာဘုန်းကြီးက တိုက်အုပ်စာချဘုန်းကြီးလုပ်နေရာကနေ ကိုယ်ပိုင်ကျောင်းခွဲ ထိုင်ပါတယ်။ ဆရာဘုန်းကြီးရဲ့ကျောင်းက အုတ်တံတိုင်းမရှိပါဘူး။ ဒါနဲ့ ဆရာဘုန်းကြီးကလည်း စာချဘုန်းကြီး လုပ်နေရာကနေ ကျောင်းထိုင်လိုက်တာဆိုတော့ ခပ်မွဲမွဲပါပဲ။ ရွာကနေ အမေက မိမိအတွက် ရိက္ခာလာပို့တော့ အမေ့ကို အုတ်တံတိုင်းတစ်ခန်းလှုဖို့ မိမိက တိုက်တွန်းပါတယ်။ အမေကလည်း လှုမယ် ဒါပေမယ့် အခုတစ် ခေါက်တော့ ငွေက အလုံအလောက်ပါမလာလို့ နောက်တစ်ခေါက်မှ လှုမယ်လို့ ပြောပါတယ်။ မိမိကလည်း မလှုဖြစ်မှာမို့ အဲဒါဆိုရင်လည်း ဘုန်းကြီးကို လှုမယ့်အကြောင်းလျှောက်သွားလေလို့ ပြောပါတယ်။ အမေက တစ်ခါထဲ မလှုနိုင်ခဲ့ပဲနဲ့ မလျှောက်ချင်ဘူး။ ကိုယ်က မလှုခင်သေသွားခဲ့ရင် သံသရာမှာ `နှုတ်ကြွေး´တင်လိမ့် မယ်လို့ ပြောပါတယ်။ အဲဒီတုန်းက ကိုယ်က အသက်၁၂နှစ်အရွယ် ကိုရင်ပေါက်စလေးဆိုတော့ နှုတ်ကြွေးတင် တယ်ဆိုတာ ဘယ်လို မျိုးလည်းဆိုတာ သေချာမသိပါဘူး။ နောင်အသက်ကြီးလို့ စာပေကျမ်းဂန်တွေကို သင်ယူ လေ့လာတာများလာမှ နှုတ်ကြွေးတင်ခြင်းဟာ အလွန်အင်မတန်ကြောက်လန့်ဖွယ်ရာကြီးပါလားဆိုတာ သိလိုက်ရပါတယ်။

`အကြင်သူသည် ရသေ့ရဟန်း ပုဏ္ဏား ဖုန်းတောင်းယာစကာတို့အား အလိုရှိရာကို လာ၍အလှုခံပါ။ ပေးလှုဒါန်း ပါမယ်လို့ ပြောဆိုလျှောက်ထားပြီး အလှုခံလာသောအခါ၌ အလှုခံသောအရာကို မပေးလှုအံ့။ ထိုသူသည် စင်စစ် လူယုတ်မာဖြစ်၏´´လို့ ရှင်တော်မြတ်ဘုရားက သုတ္တနိပါတပါဠိတော် ၀သလသုတ်တော်မှာ ထုတ်ဖော် ကာ ဟောကြားတော်မူခဲ့ပါတယ်။

တစ်ခါ ` အကြင်သူသည် ရသေ့ရဟန်း ပုဏ္ဏား ဖုန်းတောင်းယာစကာတို့အား အလိုရှိရာကို လာ၍အလှုခံပါ။ ပေးလှုဒါန်းပါမယ်လို့ ပြောဆိုလျှောက်ထားပြီး အလှုခံလာသောအခါ၌ အလှုခံသောအရာကို မပေးလှုပဲ မုသာ ၀ါဒဖြင့်လှည့်ပတ်ပြောဆို၏။ ထိုသို့ မုသာဝါဒဖြင့် လှည့်ပတ်ပြောဆိုသောသူသည် မိမိ၏ ဘ၀ပျက်စီးကြောင်း တရားကို မိမိကိုယ်တိုင် ပြုလုပ်သောသူမည်၏´´လို့ သုတ္တနိပါတပါဠိတော် ပရာဘ၀သုတ်တော်မှာ ဟောကြား တော်မူခဲ့ပြန်ပါတယ်။

တစ်ခါတုန်းက အရှင်သာရိပုတ္တရာမထေရ်မြတ်ဟာ မြတ်စွာဘုရားထံချဉ်းကပ်ပြီး ``ကောင်းသောစကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရား၊ ဤလောက၌ အချို့သောသူ အားထုတ်အပ်သော ကုန်သွယ်မှုသည် ကုန်သွယ်မှုချင်းတူမျှသည်သာ ဖြစ်ပါလျက် ပျက်စီးခြင်းသို့ ရောက်ပါသည်။

အချို့သောသူ အားထုတ်အပ်သော ကုန်သွယ်မှုသည် ကုန်သွယ်မှုချင်းတူမျှသည်သာ ဖြစ်ပါလျက် ရည်မှန်း ချက်အတိုင်းမဖြစ်ပါ။

အချို့သောသူ အားထုတ်အပ်သော ကုန်သွယ်မှုသည် ကုန်သွယ်မှုချင်းတူမျှသည်သာ ဖြစ်ပါလျက် ရည်မှန်း သည့်အတိုင်း ဖြစ်လာပါသည်။

အချို့သောသူ အားထုတ်အပ်သော ကုန်သွယ်မှုသည် ကုန်သွယ်မှုချင်းတူမျှသည်သာ ဖြစ်ပါလျက် ရည်မှန်း သည်ထက် သာလွန်များပြားသော အကျိုးကိုရရှိပါသည်။ ဤသို့ ဖြစ်ရခြင်းမှာ အဘယ်သို့သော အကြောင်း အထောက်အပံ့တို့ကြောင့် ဖြစ်ပါသနည်း´´လို့ မေးမြန်းလျှောက်ထားတော်မူပါတယ်။

ဒီအခါမှာ ရှင်တော်မြတ်ဘုရားက ``သာရိပုတ္တရာ ဤလောက၌ အချို့သောသူသည် ရဟန်းပုဏ္ဏားတို့အား `အရှင်တို့ အလိုရှိသော ပစ္စည်းကို မိန့်ကြားအလှုခံတော်မူပါလော´ဟု ဖိတ်ကြားပြီး ထိုဖိတ်ကြားထားသည့် အတိုင်း ကတိတည်ကြည်စွာဖြင့် အလှုခံလာသောအခါ၌ မလှုဒါန်းချေ။ ထိုသူသည် ထိုဘ၀မှ စုတေသေလွန်၍ ဤလူ့ဘုံသို့ တစ်ဖန်ပြန်၍ ရောက်လာသည်ရှိသော် အကြင်အကြင် ကုန်သွယ်မှုကိုပြု၍ ကုန်သည်အလုပ်ဖြင့် အသက်မွေးဝမ်းကြောင်း ပြု၏။ ထိုသူပြုအပ်သော ကုန်သွယ်မှုမှန်သမျှသည် ပျက်စီးခြင်းသို့သာ ရောက်၏။´´

`` သာရိပုတ္တရာ ဤလောက၌ အချို့သောသူသည် ရဟန်းပုဏ္ဏားတို့အား `အရှင်တို့ အလိုရှိသော ပစ္စည်းကို မိန့်ကြားအလှုခံတော်မူပါလော´ဟု ဖိတ်ကြားပြီး ထိုဖိတ်ကြားထားသည့်အတိုင်း ကတိတည်ကြည်စွာဖြင့် အ လှုခံပုဂ္ဂိုလ် အလိုရှိသလောက် မပေးလှုပဲ အနည်းငယ်မျှသာ ပေးလှု၏။ ထိုသူသည် ထိုဘ၀မှ စုတေသေလွန် ၍ ဤလူ့ဘုံသို့ တစ်ဖန်ပြန်၍ ရောက်လာသည်ရှိသော် အကြင်အကြင် ကုန်သွယ်မှုကိုပြု၍ ကုန်သည်အလုပ်ဖြင့် အသက်မွေးဝမ်းကြောင်း ပြု၏။ ထိုသူပြုအပ်သော ကုန်သွယ်မှုမှန်သမျှသည် ရည်မှန်းထားသည့်အတိုင်း မဖြစ် ချေ။´´

``သာရိပုတ္တရာ ဤလောက၌ အချို့သောသူသည် ရဟန်းပုဏ္ဏားတို့အား `အရှင်တို့ အလိုရှိသော ပစ္စည်းကို မိန့်ကြားအလှုခံတော်မူပါလော´ဟု ဖိတ်ကြားပြီး ထိုဖိတ်ကြားထားသည့် အတိုင်း ကတိတည်ကြည်စွာဖြင့် အလှုခံပုဂ္ဂိုလ် အလိုရှိသလောက် လှုဒါန်း၏။ ထိုသူသည် ထိုဘ၀မှ စုတေသေလွန် ၍ ဤလူ့ဘုံသို့ တစ်ဖန်ပြန်၍ ရောက်လာသည်ရှိသော် အကြင်အကြင် ကုန်သွယ်မှုကိုပြု၍ ကုန်သည်အလုပ်ဖြင့် အသက်မွေးဝမ်းကြောင်း ပြု၏။ ထိုသူပြုအပ်သော ကုန်သွယ်မှုမှန်သမျှသည် ရည်မှန်းထားသည့်အတိုင်း ဖြစ်မြောက်အောင်မြင်၏။´´

``သာရိပုတ္တရာ ဤလောက၌ အချို့သောသူသည် ရဟန်းပုဏ္ဏားတို့အား `အရှင်တို့ အလိုရှိသော ပစ္စည်းကို မိန့်ကြားအလှုခံတော်မူပါလော´ဟု ဖိတ်ကြားပြီး ထိုဖိတ်ကြားထားသည့်အတိုင်း ကတိတည်ကြည်စွာဖြင့် အလှုခံပုဂ္ဂိုလ် အလိုရှိသည်ထက် ပိုလွန်၍ လှုဒါန်း၏။ ထိုသူသည် ထိုဘ၀မှ စုတေသေလွန် ၍ ဤလူ့ဘုံသို့ တစ်ဖန်ပြန်၍ ရောက်လာသည်ရှိသော် အကြင်အကြင် ကုန်သွယ်မှုကိုပြု၍ ကုန်သည်အလုပ်ဖြင့် အသက်မွေး ၀မ်းကြောင်း ပြု၏။ ထိုသူပြုအပ်သော ကုန်သွယ်မှုမှန်သမျှသည် ရည်မှန်းထားသည့်ထက် သာလွန်များပြား သော အကျိုးကျေးဇူးကို ရရှိခံစားရ၏´´

``သာရိပုတ္တရာ ကုန်သွယ်မှုချင်း တူမျှသည်သာ ဖြစ်ပါလျက် အကျိုးကျေးဇူးရရှိမှု ကွဲပြားရခြင်း၏ အကြောင်း အထောက်အပံ့တို့ကား ဤဆိုအပ်ခဲ့ပြီးသော အကြောင်းများပင်တည်း´´လို့ ဖြေကြားတော်မူခဲ့ပါတယ်။

မိမိတို့ငယ်စဉ်ကိုရင်ဘ၀တုန်းက ``တစ်ခါနှစ်ခါ သိမြင်ဘူးပြီး မိသားစုသဖွယ် ခင်မင်ရင်းနှီးမှုမရှိတဲ့ ဒကာဒကာ မတွေက မင်းတို့ကို အလိုတာရှိရင် အလှုခံနော်လို့ ပြောရင် မင်းတို့က ယုံကြည်ပြီး သွားအလှုမခံကြနဲ့။ အဲဒါက မင်းတို့နဲ့ တွေ့တုန်းဆုံတုန်း လှုစရာကလည်းမပါ လှုဒါန်းချင်စိတ်လည်းမရှိပဲ မကောင်းတတ်လို့ စကားအရ ပြော တာ။ အဟုတ်မှတ်ပြီး သွားအလှုခံမနေကြနဲ့။ တကယ်လှုချင်တဲ့သူက ကိုရင် တပည့်တော်တို့ ကိုရင့်ကို လှုချင် တယ်။ ကိုရင် ဘာလိုအပ်လဲဆိုတာ ပြောပါဦးလို့ တစ်ခါထဲအပြီးအပြတ် လျှောက်တာကွ´´လို့ ဆရာ ဘုန်းကြီးက ဆုံးမခဲ့ဘူးပါတယ်။ ဒါကြောင့် မိမိမှာ အလိုရာအလှုခံပါလို့ လျှောက်ထားကြတဲ့ ဒကာဒကာမတွေ များပေမယ့် ဘယ်သူ့ဆီကိုမှ အလှုမခံဘူးပါဘူး။ ရဟန်းဒကာဒကာမများဆီတောင် ရဟန်းဖြစ်ပြီးကထဲက ယခုချိန်ထိ နှစ်ခါပဲ အလှုခံဘူးပါတယ်။

ဒကာဒကာမတွေအနေနဲ့လည်း အမှန်တကယ် လှုဒါန်းလိုတဲ့ စိတ်စေတနာမရှိပါပဲ မကောင်းတတ်တာကြောင့် လူမှုအရေး ဟန်လုပ်ပြီး မလျှောက်ထားသင့်ပါဘူး။ ကိုယ်က တကယ်လှုချင်လို့ လျှောက်ထားတာမှန်ရင်လည်း `အလိုရှိရာ´လို့ မလျှောက်ထားပဲ `တပည့်တော်တို့ထံမှာ ဘယ်လောက်ပမာဏတန်ဖိုး ရှိတဲ့အရာဝတ္ထုကို တစ်လတစ်ခါ လာရောက်အလှုခံနိုင်ပါတယ်´လို့ တိတိကျကျ လျှောက်ထားသင့်ပါတယ်။ `အလိုရှိရာ´ဆိုတဲ့ စကားလုံးနဲ့ လျှောက်ထားပြီး သူအလိုရှိတာကို လာလှုခံလို့ ကိုယ်က မလှုနိုင်ဘူးဆိုရင် နှုတ်ကြွေးတင်ပြီး ပစ္စုပ္ပန်အတွက်ရော သံသရာခရီးအတွက် မကောင်းနိုင်ပါဘူး။ ဆိုးကျိုးတွေက များပြားလွန်းလှပါတယ်။

ကိုယ်ကတိတိကျကျ လျှောက်ထားပြီးတော့ ကိုယ်လျှောက်ထားတဲ့အတိုင်း လာရောက်အလှုခံတဲ့အခါမှာ အကြောင်းကြောင့် မလှုဒါန်းနိုင်ရင်လည်း နှုတ်ကြွေးမတင်အောင် လောလောဆယ်မှာ ဘာကြောင့် မလှုဒါန်းနိုင် သေးပါဘူး။ ဒါကြောင့် ဘယ်ကာလလောက်ကြရင် လာရောက်လှုဒါန်းပေးပါ့မယ်စသဖြင့် အကျိုးသင့်အကြောင်း သင့် လျှောက်ထားပြောဆိုကြရပါမယ်။ ဒါမှသာလျှင် နှုတ်ကြွေးတင်မှုကနေ လွတ်မြောက်နိုင်လိမ့်မယ်။

တကယ်တမ်းကြတော့ ကိုယ်က လုပ်ပေးပါ့မယ်။ လှုပါ့မယ်ပြောထားပြီး လုပ်မပေးပဲနေတာ မလှုဒါန်းပဲနေတာ ဟာ သူတစ်ပါးရဲ့ ရည်မှန်းချက်တွေ မျှော်လင့်ချက်တွေကို ဖျက်ဆီးလိုက်တာပါပဲ။ သူတစ်ပါးရဲ့ ရည်မှန်းချက် တွေ မျှော်လင့်ချက်တွေကို ဖျက်ဆီးလိုက်တဲ့သူ တစ်ဦးတစ်ယောက်ဟာ သူ့ရဲ့ မျှော်လင့်ချက်တွေ ရည်မှန်းချက် တွေလည်း မပြည့်ဝနိုင်တော့ပါဘူး။ တူသောအကျိုးကို ပေးတာပါ။ အထူးသဖြင့် မိတ်ဆွေသူငယ်ချင်းစတဲ့သူ တွေကိုလည်းပဲ မိမိက အမှန်တကယ်မကူညီနိုင်ပါပဲ ကူညီပေးပါ့မယ်လို့ လူမှုရေးအရ မပြောဆိုသင့်ပါဘူး။ အဲဒီလိုပြောဆိုတာဟာလည်းပဲ နှုတ်ကြွေးတင်တဲ့ထဲ ပါဝင်ပါတယ်။ မိမိတို့ဘ၀ရဲ့ ရည်မှန်ချက်တွေ မျှော်လင့် ချက်တွေ ပြည့်ဝချင်တယ်ဆိုရင်တော့ နှုတ်ကြွေးကင်းစင်ဖို့လိုအပ်ပါတယ်။ 

(မိုးသု-မန္တလေး)

No comments:

Post a Comment