သံသရာ ၀က်စားကျင်းမှာ
ခန္ဓာအမျိုးမျိုးနဲ့
ဒုက္ခတွေ တရှုံ့ ရှုံ့ နမ်းခဲ့ဖူးပြီ...
ရန်သူမျိုးငါးပါးနဲ့
မကြာမကြာ နပမ်းလုံးရင်း
ဘ၀က
ကပ်သုံးပါးလည်း ဆိုက်ဖူးပြီ
ဇာတိနဲ့ စ
ဇရာနဲ့ဗျာဓိကို စာကိုယ်ထားပြီး
မရဏနဲ့ နိဂုံးအုပ်ရင်း
သံသရာ စာစီစာကုံးကို
အခန်းဆက် ရေးလာခဲ့တာ
အခုထိ
သေရတာ ငြီးငွေ့တယ်မရှိသေးဘူး
လောကဓံမင်နီပေးခံရတဲ့အခါများဆို
သောက,က
ပရိဒေ၀နဲ့ ပေါင်းပြီး
ဒေါမနဿရဲ့ ကုန်းပိုးစီးမှုမှာ
ဘ၀က
လူလုံးလည်း မလှခဲ့ဘူး....
ဝေဒနာ ပစ္စယာ တဏှာတောင်ကို
မကျော်နိုင်ဘဲ
ဥပါဒါန်အောက်မှာ
သစ္စာတွေ အိတ်ပေါက်နဲ့ကောက်ရင်း
သင်္ခါရ လယ်တောမှာ
ကံပင်တွေကို
ကာယနဲ့လည်း စိုက်ခဲ့
ဝစီနဲ့လည်း စိုက်ခဲ့
မနောနဲ့လည်း စိုက်ခဲ့....
ပေါက်လာတဲ့ ၀ိညာဉ်ပင်မှာ
နာမ်ရုပ်တွေ သီးပွင့်ခဲ့တဲ့အခါ
အာယတနဆိုတာ
ဖဿနားခိုရာ အရိပ်မျိုးလား..
ဝေဒနာ သွန်သင်မှုမှာ
အ၀ိဇ္ဇာ မျက်လှည့်က
တဏှာတွေ အချောင်းလိုက်
ဖန်ဆင်းပစ်လိုက်တယ်
အိုး
ဘ၀ဆိုတာ
အနုသယက တီထွင်လိုက်တဲ့
ဘတ္ထရီမဲ့ စက်ရုပ်လိုပါ
အမြဲတမ်း ဒုက္ခတွေ အားပြည့်နေလေရဲ့..
— ဖိုးဥာဏ် (လောကနတ်)
No comments:
Post a Comment