Sunday, March 30, 2014

တရားအားထုတ်တော့မည်ဆိုလျှင်


မှတ်ချက် ...

ယခုခေတ် ကမ္မဋ္ဌာန်းပေးသော အချို့ အချို့ တို့သည် ခန္ဓာကိုယ် ပင်ပန်းနွမ်းနယ်မှသာ တရားပေါ်လျှက် သိမြင်လာမည်ဟူ၍ ယူဆချက်
ရှိကြသည့်အတိုင်း ထိုထိုတရားရှာ ပုဂ္ဂိုလ်တွေကို ခန္ဓာကိုယ် ပင်ပန်းသည်ထက် ပင်ပန်းအောင် နွမ်းနယ်သည်ထက် နွမ်းနယ်အောင် (အာနာပါနဿတိ)ကမ္မဋ္ဌာန်းကို ပွားများအားထုတ်ကြစေလေသည်။

ထိုသို့သော အားထုတ်ပြီးလာခဲ့ဖူး သောဒါယကာကြီး တစ်ယောက်က ပြောဖူးခဲ့သည်ကား ...

(ဒီကမ္မဋ္ဌာန်း အားထုတ်ရတာ လယ်ထွန်ရတာထက် ပင်ပန်းတယ်။ ဆယ်ယောက်
ကောက်စိုက်ရတဲ့ လယ်ကိုပဲ ဆင်းထွန်လိုက်ချင်သေး) လို့ ပြောဖူးပါတယ်။

ဤမျှ ခန္ဓာကိုယ် ပင်ပန်းနွမ်းနယ် ဆင်းရဲနေပါမူ အဘယ်မှာလျှင် လောကုတ္တရာတရားထူး တရားမြတ် ဖြစ်ပေါ်လာနိုင်ခွင့်
ရှိချေတော့အံ့နည်း။ မဖြစ်ပေါ်ဖို့ သေချာသည်။

ထင်ရှားအောင် ပြဦးအံ့၊

ပဋ္ဌမသင်္ဂါယနာတင်ရန် တစ်ရက်အလို၌ ရှင်အာနန္ဒာမထေရ်သည် အထက်မဂ်ဖိုလ်အကျိုးငှာ
နေ့ညဥ့်ပတ်လုံး ကာယဂတာ သတိပဋ္ဌာန်ဖြင့် လွန်စေလျှက် တရားအားထုတ်ရာ တရားအထူးကို ဖြစ်စေခြင်းငှာ မစွမ်းနိုင်ချေ။
ထိုအခါ အဘယ်ချို့ ယွင်းမှုကြောင့် တရားအထူး မဖြစ်ရပါနည်းဟု စီစစ်ဝေဖန်သောအခါ
(ငါ ဝီရိယလွန်နေသည်။ ထိုဝီရိယလွန်ခြင်းကြောင့် ငါစိတ်ပျံ့ လွင့်ခြင်း ဥဒ္ဓစ္စဖြစ်နေပါတကား။ ဝီရိယမျှအောင် ယခု ငါယှဉ်စေတော့အံ့) ဟု စင်္ကြမှသက်ဆင်းလျှက် ခြေဆေးရာအရပ်၌ ခြေဆေးပြီး
ကျောင်းတွင်းဝင်ကာ ညောင်စောင်းတွင်နေလျှက် ကိုယ်ပင်ပန်းမှု ဖြေရန်အလို့ငှာ ကိုယ်ကို ညောင်စောင်း၌ညွှတ်လေသည်။ ထိုသို့ ညွှတ်ရာခဏကာလ
ခြေသည် မြေမှလွတ်ဆဲ ဦးခေါင်းသည်လည်း ခေါင်းအုံးသို့ မကျသေးမှီ
ရဟန္တာဖြစ်သွားတော်မူသည်။

သောတာပတ္တိမဂ်ဖိုလ်ရပြီး ပုဂ္ဂိုလ်သည်လည်း စင်္ကြလျှောက်သွားခြင်းကြောင့်ဖြစ်သော ကိုယ်ပင်ပန်းမှုသည်ပင် တရားထူး တရားမြတ် ပေါ်လာနိင်ခွင့် မရှိသေးပါမူ
သောတာပတ္တိမဂ်ဖိုလ် ဘယ်လိုဆိုတာ မသိကြသေးသော ပုဂ္ဂိုလ်တို့အား လယ်ထွန်ခြင်းထက် ပင်ပန်းမှုဖြစ်သော ကမ္မဋ္ဌာန်းအားထုတ်မှုသည်
အဘယ်မှာလျှင် လောကုတ္တရာ တရားထူးတရားမြတ် ဖြစ်အံ့နည်း။ မဖြစ်ပေါ်ဖို့ရာ
သေချာသည်ဟု မှတ်သားထိုက်လေတော့သည်။

ထို့ကြောင့် ယခုလက်ရှိ လယ်ထွန်ရခြင်းထက် ကိုယ်ပင်ပန်း
နွမ်းနယ်ဆင်းရဲလှသော
ထိုကမ္မဋ္ဌာန်း အားထုတ်နည်းသည် (အတ္တကိလမထ)အစစ် ဧကန်ဖြစ်လေသည်။ ထိုကမ္မဋ္ဌာန်းနည်းကို အားထုတ်နေသမျှ ကာလပတ်လုံး (အတ္တကိလမထ)အတွင်း ဂျွန်းထိုးဆင်းနေသော ပုဂ္ဂိုလ်တို့ချည်းသာ ဖြစ်လေသည်။

တစ်ဖန် ထိုကမ္မဋ္ဌာန်းပေးဆရာ အချို့ သည်ကား မိမိတို့၏ ကမ္မဋ္ဌာန်းပေးနည်း မှန်ကန်ကြောင်းကို ပါဠိ အဋ္ဌကထည ဋီကာပါဌ် ကိုးကားစရာ မရှိလေရကား
ဘုရားအလောင်းတော်ကြီးသည်
ဥရုဝေလဇနပုဒ်၌ ဒုက္ကရစရိယ ကျင့်တော်မူခြင်းကို အထောက်အထားပြကာ ကိုးကားကြလေသည်။

ထိုကမ္မဋ္ဌာန်းပေးဆရာတို့၏ နှလုံးသွင်းအာဘောဂကား
ဘုရားအလောင်းတော်ကြီး ခြောက်နှစ်ပတ်လုံး ဒုက္ကရစရိယအကျင့်ကို ကျင့်ခဲ့တုံသေး၏။ ထို့ကြောင့် မိမိတို့ကမ္မဋ္ဌာန်း အားထုတ်နည်းသည် (အတ္တကိလမထ)မဖြစ်ဟု ဆိုကြပေသည်။

သို့ရာတွင် ဘုရားအလောင်းတော်ကြီးသည် ထိုဥရုဝေလ ဇနပုဒ်၌ ကျင့်စဉ် အမြတ်မထွက်သည့်ပအပြင် မူလရှိရင်းစွဲ လက္ခဏာတော်အချို့ ပင် အခိုက်အတန့်အားဖြင့် ကွယ်ပျောက်ခဲ့ရဖူးသည်ကို
အဆိုပါ ကမ္မဋ္ဌာန်းဆရာတို့ မစဉ်းစားမိကြချေ။

ဒီမျှနဲ့ နားခွင့်ပြုကြပါ။

အသျှင် ပဏ္ဍာဘိဝံသ၏ " ပဋိပတ္တိက္ကမဋီကာ" နှာ ၃၁၀'-၃၁၁။

— Myo Htun

— ( Royal Poe )

No comments:

Post a Comment