Saturday, March 22, 2014

ဗုဒ္ဓကို ယုံသူ မယုံသူ


ဤကမ္ဘာလောကအတွင်းမှာ ဘုရားပွင့်တယ်ဆိုသော်လည်း လေးကျွန်း တစ်မြင့်မိုရ် တစ်ကမ္ဘာလုံးမှာပွင့်တာ မဟုတ်ပါဘူး။ မဇ္ဈိမဒေသအရပ်
ဟာ လေးကျွန်း တစ်မြင့်မိုရ်နှင့်နှိုင်းစာခဲ့လျှင် အလွန်ပင် သေးငယ်လှပါတယ်။ ဘုရားပွင့်ရာ မဇ္ဈိမတိုက်မှာသော်ပင်လည်း ဗုဒ္ဓဘုရားရှင်နှင့် ပြိုင်ဘက် တိတ္ထိဘုရားရဲ့ ဘက်တော်သား အ
မြောက်အများရှိနေကြတယ်။ အဲဒီတိတ္ထိဘက်တော်သားများဟာ ဗုဒ္ဓရှင်တော်ဘုရား အဆုံးအမတော်ကို ယုံကြည်သူတွေမဟုတ်ကြဘူး။

လောကမှာ ပုဂ္ဂိုလ်ခင်မှ တရားမင်တယ်ဆိုတဲ့အတိုင်း တတ္ထိ ဘက်တော်သားတွေဟာ ဘုရားရှင်ကိုမခင်ကြဘူး။ ဘုရားရှင်ကို မခင်လေတော့ ဘုရားရှင်ရဲ့အဆုံးအမတော်ကိုလည်း ဘယ်မှာ
ယုံကြည်ကြပါမလဲ။ ဒါကြောင့် ဘယ်လောက် တိကျမှန်ကန်တဲ့ တရားကို ဘုရားရှင်က ဟောပေမယ့် သူတို့ကတော့ ဟားတိုက်ပြီး ပြက်ရယ်
ပြုကြပေလိမ့်မယ်...။ ယုံကြည် လိုက်နာကြမှာတော့ မဟုတ်ဘူး။ ထိုသူတို့အတွက်ဘုရားရှင်ရဲ့အဆုံးအမ တရားတော်ဟာ ဘာမျှတန်ဖိုးမရှိဘူး။ မရှိလို့ ထိုသာသနာပပုဂ္ဂိုလ်တွေကိုလည်း
ဘုရားရှင်ကရည်ရွယ်ပြီးတရားမဟောခဲ့ပါဘူး။ ဒီနေရာမှာ အင်္ဂုတ္တနိကာယ် စတုက္ကနိပါတ်ကလာတဲ့ ကေသီသုတ်ကို ထုတ်နှုတ်တင်ပြပါမယ်။

ကေသီဆိုတာ မြင်းရိုင်းများကိုယဉ်ကျေးအောင် ဆုံးမတတ်တဲ့ မြင်းဆရာ ဖြစ်ပါတယ်။ တစ်နေ့သောအခါ မြင်းဆရာ ကေသီဟာ ဘုရားရှင်ထံ
အဖူးအမြော် ရောက်ခဲ့တယ်။ ဘုရားရှင်ကို ဖူးမြော်ပြီး သင့်တယ်တဲ့နေရာမှာ ထိုင်နေတဲ့ မြင်းဆရာကေသီကို ဘုရားရှင်က

ကေသီသင်ဟာ မြင်းဆရာလို့ ထင်ရှားသူ ဖြစ်တယ်။ မြင်းရိုင်းများကို ယဉ်ကျေးအောင်ဘယ်လိုဆုံးမသလဲ။

အရှင်ဘုရား တပည့်တော်ဟာ မြင်းရိုင်းများကို အနုနည်းနဲ့လဲ ဆုံးမပါတယ်။ အကြမ်းနည်းနဲ့လဲ ဆုံးမပါတယ်. ..အနုအကြမ်းနည်းနဲ့လဲ ဆုံးမပါတယ်ဘုရား။

ကေသီ အကယ်လို့ သင့်ရဲ့ မြင်းရိုင်းဟာ အနုနည်းနဲ့လည်းအဆုံးအမမခံ၊ အကြမ်းနည်းနဲ့လည်း အဆုံးမ မခံ၊ အနု အကြမ်းနည်းနှင့်လည်း အဆုံးမ
မခံလျှင်အဲဒီမြင်းရိုင်းကို ဘယ်လိုလုပ်သေးသလဲ.။

မှန်ပါ..။ အဆုံးအမကို ဘယ်လိုမှ နားမထောင်တဲ့ မြင်းရိုင်းကိုတော့ တပည့်တော် သတ်ပြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ နာမည်ပျက် မခံချင်လို့ပါပဲ ဘုရား၊ အရှင်ဘုရားကိုလည်း လျှောက်ထားပါရစေ။ အရှင်ဘုရားဟာ ဆုံးမထိုက်သူကို ဆုံးမတတ်တဲ့ အတုမဲ့ပုဂ္ဂိုလ်ဲဖြစ်ပါတယ်။ ဆုံးမထိုက်သူများကို ယဉ်ကျေးအောင် ဘယ်လိုများ ဆုံးမတော်မူတယ် ဆိုတာ မိန့်တော်မူစေချင်ပါတယ် အရှင်ဘုရား။

ကေသီ . .... ငါလည်း အသင်မြင်းရိုင်းကို ဆုံးမသလို အနုနည်း အကြမ်းနည်း အနုအကြမ်းနည်းတို့နှင့်ဆုံးမထိုက်သူကို ဆုံးမတော်မူတယ်။

ကေသီငါ့ရဲ့ အနုနည်းဆုံးမပုံက ဟောဒါက ကာယသုစရိုက်၊ ဟောဒါက ကာယသုစရိုက်ရဲ့ အကျိုး၊ ဟောဒါက ၀စီသုစရိုက်၊ ၀စီသုစရိုက်ရဲ့ အကျိုး၊ ဟောဒါက မနောသုစရိုက်၊ မနောသုစရိုက်ရဲ့အကျိုးဖြစ်တယ်။ ဟောဒါက လူဖြစ်တယ်။နတ်ဖြစ်တယ်လို့ အနုနည်းနဲ့ ဆုံးမတော်မူတယ်။

အကြမ်းနည်းနဲ့ဆုံးမပုံက ဟောဒါက ကာယဒုစရိုက်၊ ဟောဒါက ကာယဒုစရိုက်ရဲ့အကျိုး၊ ဟောဒါက ၀စီဒုစရိုက်၊ ၀စီဒုစရိုက်ရဲ့အကျိုး၊ ဟောဒါက မနေ ဒုစရိုက်၊ မနောဒုစရိုက်ရဲ့ အကျိုးဖြစ်တယ်။ ဟောဒါက
ငရဲ၊ဟောဒါက တိရစ္ဆာန်ဖြစ်တယ်လို့အကြမ်းနည်းနဲ့ ဆုံးမတော်မူတယ်။

အနု အကြမ်းနည်းနဲ့ ဆုံးမပုံက ဟောဒါက ကာယသုစရိုက်၊ ဟောဒါက ကာယသုစရိုက်ရဲ့ အကျိုး၊ ဟောဒါကကာယဒုစရိုက်၊ ဟောဒါက ကာယ ဒုစရိုက်ရဲ့အကျိုး ၊ ဟောဒါက ၀စီ သုစရိုက်၊ ၀စီ သုစရိုက်ရဲ့ အကျိုး၊ ဟောဒါက ၀စီဒုစရိုက်၊ ဟောဒါက ၀စီဒုစရိုက်ရဲ့ အကျိုး၊ ဟောဒါက မနော သုစရိုက်၊ ဟောဒါက မနော သုစရိုက်ရဲ့ အကျိုး၊ ဟောဒါက
မနောဒုစရိုက်၊ ဟောဒါက မနောဒုစရိုက်ရဲ့အကျိုး၊ ဟောဒါက လူ၊ ဟောဒါက နတ်၊ ဟောဒါက ငရဲ၊ ဟောဒါက တိရ စ္ဆာန်၊ ဟောဒါက ပြိတ္တာလို့အနု အကြမ်းနည်းနဲ့ ဆုံးမတော်မူတယ်။

မှန်ပါ.......။ လျှောက်ထားပါရစေဦး အရှင်ဘုရား၊ အကယ်လို့ အရှင်ဘုရားရဲ့ ဆုံးမထိုက်သူဟာ အနုနည်းနဲ့ဆုံးမတာကိုလည်းမခံ၊ အကြမ်းနည်းနဲ့ ဆုံးမလည်း မခံ၊ အနုအကြမ်းနည်းနဲ့ ဆုံးမတာကိုလည်း
မခံယူခဲ့လျှင် ဘယ်လိုများပြုလုပ်ပါသေးသလဲအရှင်ဘုရား။

ကေသီ ငါဆုံးမထိုက်သူဟာ အကယ်၍အနုနည်းနဲ့ ဆုံးမလည်း မရ၊ အကြမ်းနည်းနဲ့ ဆုံးမလို့လည်းမရ၊ အနုအကြမ်းနည်းနဲ့ ဆုံးမလို့လည်း မရခဲ့လျှင် သင်သည်မြင်းကိုသတ်ပြစ်သလို ငါလည်း ထိုသူရိုင်းကို
သတ်ပစ်တော်မူတယ်။

အရှင်ဘုရား သူ့အသက် သတ်ခြင်းအမှုကို ရှင်ပင် ဘုရားဟာ ပြုတော်မမူဘူး မဟုတ်ပါလား။ သို့ပါလျက် အဘယ်ကိုရည်ရွယ်ပြီး ထိုသူရိုင်းကို သတ်ပစ်တော်မူတယ်လို့ မိန့်တော်မူပါသလဲဘုရား။

ကေသီ ငါဘုရားဟာ သူ့အသက်သတ်ခြင်းကို မပြုလုပ်တာမှန်တယ်။ အမှန်ကတော့ ဆုံးမလို့မရမည့်သူကို ဆုံးမထိုက်သူလို့ ငါဘုရား အသိအမှတ်မပြုတော့ဘူး။ ထိုသူအတွက်ငါဘုရားတရားဟောတော်
မမူဘူး။ ဤသည်ကိုပင် သတ်ပစ်တယ်လို့ ခေါ်ဆိုရတယ်။

မှန်လှပါ ဆုံးမလို့ မရမည့်သူကို အသိအမှတ်မပြု၊ လျစ်လျူရှုခြင်းဟာ ထိုသူရဲ့အတွက် တိုးတက်မှုသေသောကြောင့် သတ်ပစ်သည်ဟု ဆိုထိုက်လှပါပေတယ်။ အရှင်ဘုရား ဤဓမ္မ ဒေသနာတော်ဟာ
အလွန်နှစ်သက်စရာကောင်းလှတယ်။ ဤယနေ့မှ စပြီး တပည့်တော်ကို ရတနာသုံးပါးအား ယုံကြည်ကိုးကွယ်ဆည်းကပ်တဲ့ ဥပါသကာ ဒါယကာလို့ မှတ်ယူတော်မူပါအရှင်ဘုရား။

အခု တင်ပြခဲ့တဲ့ ကေသီသုတ်ရဲ့ဆိုလိုရင်းက ဘုရားရှင်ရဲ့ တရားတော်ဟာ လူတိုင်းအတွက်မဟုတ်ဘူး။ သာသနာကို သက်ဝင် ယုံကြည်တဲ့ အမျိုးကောင်းသား သမီးတို့အတွက်သာဖြစ်တယ်။ သာသနာတော်ကို မယုံကြည်တဲ့ သူတို့ကိုတော့ ဘုရားရှင်က စော
စော တုန်းကပင်လျှင်လျစ်လျူရှုထားပြီး ဖြစ်တယ်လို့ ဆိုလိုရင်း ဖြစ်ပါတယ်။ ဒါကြောင့် သာသနာတော်ကို သက်ဝင် ယုံကြည်သူတို့အတွက် အားကြီးသော မှီခိုအားထားရာ ဘာရှိသလဲဆိုလျှင် သီလသာရှိတယ်။. သီလမှတစ်ပါး ဘာမျှအားထားမှီခိုစရာ မရှိပါဘူးလို့ ထိုဂါထာကပြဆိုပါတယ်.။

ထီးချိုင့်မြို့ တည်တောဆရာတော်
သီလဟူသည်မှ

No comments:

Post a Comment