Sunday, March 23, 2014

သောတာပန်ဖြစ်ပြီဟု ယူဆယုံကြည်ခဲ့ပါလျှင်


ယောဂါဝစရပုဂ္ဂိုလ်တစ်ဦးသည် မိမိကိုယ်ကို မိမိ သောတာပတ္တိမဂ်ဉာဏ်ဖိုလ် ဉာဏ်သို့ ဆိုက်ရောက်ပြီဟု သို့မဟုတ် သောတာပန်ဖြစ်ပြီဟု ယူဆယုံကြည်ခဲ့ ပါလျှင် မိမိကိုယ်ကို မိမိ အထက်ပါ မှတ်ကျောက်တွင် တင်ကြည့်ပါ။

၁။ ငါသည် ဒုက္ခသစ္စာအမည်ရသည့် အတိတ် အနာဂတ် ပစ္စုပ္ပန် အဇ္ဈတ္တဗဟိဒ္ဓ စသည့် (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေသည့်ဥပါဒါနက္ခန္ဓာငါးပါး = ရုပ်နာမ်ပရမတ် ဒုက္ခသစ္စာတရားတို့ကို သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက် မှောက် ထွင်းဖောက်သိမြင်ပြီးပြီလား? အချိန်မရွေး ပြန်ရှုလို့ ရပြီလား?

၂။ အတိတ်အကြောင်းသမုဒယသစ္စာကြောင့် ပစ္စုပ္ပန်အကျိုးဒုက္ခသစ္စာဖြစ်ပုံ? ပစ္စုပ္ပန်အကြောင်းသမုဒယသစ္စာကြောင့် အနာဂတ်အကျိုးဒုက္ခသစ္စာ ဖြစ်ပုံဟူ သည့် ကြောင်းကျိုးဆက်နွှယ်မှု = ပဋိစ္စသမုပ္ပါဒ်သဘောတရားတည်းဟူသော သမုဒယသစ္စာတရားတို့ကို သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင် မျက်မှောက် ထွင်းဖောက်သိမြင်ပြီးပြီလား? အချိန်မရွေး ပြန်ရှုလို့ ရပြီလား?

၃။ အကြောင်းသမုဒယသစ္စာတရားများ အကြွင်းအကျန်မရှိ ကုန်စင်အောင်ချုပ် ငြိမ်းသွားခြင်းကြောင့် အကျိုးဒုက္ခသစ္စာတရားတို့ အကြွင်းအကျန်မရှိ ကုန်စင် အောင် ချုပ်ငြိမ်းသွားခြင်း နိရောဓသစ္စာတရား ကိုလည်းကောင်း, အသင်္ခတဓာတ် အငြိမ်းဓာတ်နိဗ္ဗာန်တည်းဟူသော လောကုတ္တရာနိရောဓ သစ္စာတရား ကိုလည်း ကောင်း သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်ပြီးပြီ လား? အချိန်မရွေး ပြန်ရှုလို့ ရပြီလား?

၎။ နိဗ္ဗာန်သို့ရောက်ကြောင်း ကျင့်စဉ်ဖြစ်သည့် လောကီမဂ္ဂင်တရားကိုယ်(၈)ပါး, လောကုတ္တရာ မဂ္ဂင် တရားကိုယ် (၈) ပါး တို့ကို သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့်ကိုယ်တိုင် မျက်မှောက် ထွင်းဖောက်သိမြင်ပြီးပြီလား? အချိန်မရွေး ပြန်ရှုလို့ ရပြီလား?

ဤမေးခွန်းတို့ကို မိမိကိုယ်ကို မိမိ မေးကြည့်ပါ။ မသိသေးပါ, ရှုလို့မရပါဟု အဖြေထွက်ခဲ့လျှင်ကား မိမိကိုယ်ကို မိမိ နားလည်သင့်ပေပြီ။ သို့သော်သံသရာခရီးအဆုံးဖြစ်သည့် ပန်းတိုင်သို့ ရောက်ရှိသွားတော်မူကြသည့် အရိယာသူတော်ကောင်း တို့သည်ကားယင်းမေးခွန်းအရပ်ရပ်တို့ကို ကောင်း-စွာ ဖြေဆိုနိုင်ကြသူများ ဖြစ်ကြ ပေသည်။

ဖားအောက်တောရဆရာတော်ကြီး
(သတ္တသညာသုတ္တန်)

Credit to U Myomyat Thu.

ဓမ္မနဒီ မှ ကူးယူမျှဝေပါသည်။

No comments:

Post a Comment