Sunday, March 23, 2014

“ဗုဒ္ဓဝါဒ နှင့် ဗြာဟ္မဏဝါဒ(ဟိန္ဒူဝါဒ) ခွဲခြားပုံ”


၁။ မြွေဝင်၊ ပျားစွဲခြင်းကြောင့် ချမ်းသာတယ်လို့ ယူဆရင် ဗြာဟ္မဏဝါဒ။
အလုပ်ကြိုးစားခြင်း၊ ကုသိုလ်ရှိခြင်းကြောင့် ချမ်းသာတယ်လို့ ယူဆရင် ဗုဒ္ဓဝါဒ။

၂။ ဖွတ်တက်လို့၊ ဠင်းတနားလို့ ဆင်းရဲတယ်၊ ခိုက်တယ်လို့ ယူဆရင် ဗြာဟ္မဏဝါဒ။ အလုပ်မလုပ်လို့၊ တစ်လုံး(ဘောလုံး)၊ နှစ်လုံး၊ သုံးလုံး၊
လောင်းကစားလုပ်လို့၊ အကုသိုလ်ရှိလို့ ဆင်းရဲတယ်လို့ ယူဆမှ ဗုဒ္ဓဝါဒ။

၃။ လက်ယပ်ခေါ်တဲ့ အရုပ်ကလေးရှိလို့၊ ပုလင်းအစိမ်းထဲမှာ နှင်းဆီပွင့် စိုက်ထားလို့၊ ပိုက်ဆံနဲ့ ပုံဖော်ထားတဲ့ ဇီးကွက်ရုပ် (လာဘ်ခေါ် အဆောင်ကပ်ပြား) ရှိလို့ ဈေးရောင်းကောင်းတာလို့ ယူဆရင် ဗြာဟ္မဏဝါဒ။ ဝီရိယ၊ ဉာဏ်ယှဉ်၊ စေတနာ၊ မေတ္တာ ထားပြီး ရောင်းလို့
ဈေးရောင်းကောင်းတယ် ယူဆမှ ဗုဒ္ဓဝါဒ။

၎။ ရက်ရာဇာမှ ကောင်းကျိုးပေးပြီး၊ ပြဿဒါးက မကောင်းကျိုး ပေးတယ်လို့ ယူဆရင် ဗြာဟ္မဏဝါဒ။ “ကုသိုလ်” ကကောင်းကျိုး ပေးပြီး
“အကုသိုလ်” က မကောင်းကျိုး ပေးတယ်လို့ ယူဆမှ ဗုဒ္ဓဝါဒ။

၅။ “စနေ၊ တနင်္ဂနွေ အစရှိသော ဂြိုဟ်” တွေက ကောင်းကျိုး ဆိုးကျိုး ပေးတယ်လို့ ယူဆရင် ဗြာဟ္မဏဝါဒ။ “ကုသိုလ်၊ အကုသိုလ်” က ကောင်းကျိုး၊ ဆိုးကျိုး ပေးတယ်လို့ ယူဆမှ ဗုဒ္ဓဝါဒ။

၆။ ခရီးသွားတဲ့အခါ နဂါးလှည့်သင့်မှု ၊ မသင့်မှုကြောင့် ကောင်းကျိုး ဆိုးကျိုးပေးတယ်လို့ ယူဆရင် ဗြာဟ္မဏဝါဒ။ “ကုသိုလ်၊ အကုသိုလ်” က ကောင်းကျိုး၊ ဆိုးကျိုး ပေးတယ်လို့ ယူဆမှ ဗုဒ္ဓဝါဒ။

ရ။ စုံ ဂဏန်း၊ မ ဂဏန်း၊ (၁၃)ဂဏန်း၊ ကိုးဂဏန်းတွေက ကောင်းကျိုး၊ ဆိုးကျိုးပေးတယ်လို့ ယူဆရင် ဗြာဟ္မဏဝါဒ။ “ကုသိုလ်၊ အကုသိုလ်” က ကောင်းကျိုး၊ ဆိုးကျိုးပေးတယ်လို့ ယူဆမှ ဗုဒ္ဓဝါဒ။

၈။ အသုဘယာဉ်ကို ကျောင်းဝိုင်းထဲ အိမ်ဝိုင်းထဲထားရင်၊ မြို့ပြင်၊ ရွာပြင်မှာ ဆုံးတဲ့ရုပ်အလောင်းကို မြို့ထဲ၊ ရွာထဲပြန်သွင်းရင် မြို့ခိုက်တယ်၊ ရွာခိုက်တယ်လို့ ယူဆရင် ဗြာဟ္မဏဝါဒ။
ထိုအကြောင်းများကြောင့် မြို့၊ ရွာကို မခိုက်၊ အကုသိုလ် ကြောင့်သာ မြို့၊ ရွာကို ခိုက်တယ်လို့ ယူဆမှ ဗုဒ္ဓဝါဒ။

၉။ အလောင်းကိုင်တာချင်း တူပါလျက် သုဘရာဇာကို အဝေးမှရှောင်ပြီး၊ ဆရာဝန်ဖြစ်မည့်သူကို သားမက်ဖမ်းခြင်းသည် ဗြာဟ္မဏဝါဒ။
အယူအစွဲမရှိဘဲ နှစ်ဦးလုံးကို တန်းတူ ဆက်ဆံခြင်းသည် ဗုဒ္ဓဝါဒ။

၁၀။ ဒက္ခိသာခါရုပ်ပွားကို ကိုးကွယ်လျှင်မီးကွင်းသည်၊ ဆင်စီး၊ မြင်းရံဘုရားကို ကိုးကွယ်လျှင် စီးပွားတက်သည်။ ဇမ္ဗုပတိချွတ်ခန်း (မကိုဋ်စလွယ်ဆင်)ဘုရားကို ကိုးကွယ်လျှင် ရာထူးတက်သည်ဟု ယူဆ၍ ကိုးကွယ်လျှင် ဗြာဟ္မဏဝါဒ။ ခက္ခိဏသာခါပုံကို ထုလုပ်လျှင် ဗုဒ္ဓ၏သပ္ပါယ်သော ရုပ်လက္ခဏာကို ဖျက်ဆီးရာရောက်သည်။
ဆင်စီး၊ မြင်းရံဘုရားကို ထုလုပ်လျှင် ဘုရား၏ မဟာကရုဏာကို ပြက်ရယ်ပြုရာရောက်သည်။ မကိုဋ်စလွယ်ဆင် ရုပ်ပွားကိုထုလုပ်လျှင်
ရဟန်းတစ်ပါးကို ယုတ်နှိမ့်သော လူအဝတ်အစားများဖြင့် ဝတ်ဆင် ပေးရာရောက်သည်ဟု တွေးခေါ်မြော်မြင်ပြီး ထိုပုံမျိုးကို မကိုးကွယ်ဘဲ ရဟန်းနှင့်တူသော ရုပ်ပွားတော်ကိုသာ ကိုးကွယ်ခြင်းသည် ဗုဒ္ဓဝါဒ။

၁၁။ တန်ခိုးရှိသော ရုပ်ပွားစေတီကို ရှိခိုးပူဇော်လျှင် ကောင်းကျိုးများများရသည်၊ တန်ခိုးမရှိသော ရုပ်ပွားစေတီကို ရှိခိုးပူဇော်လျှင် ကောင်းကျိုးနည်းနည်းသာရသည်ဟု ယူဆလျှင် ဗြာဟ္မဏဝါဒ။ ရုပ်ပွားစေတီက အဓိကမဟုတ်၊ မိမိစေတနာကသာ အဓိကဖြစ်သည်၊ “စေတနာ” အကြီးအသေးက ကောင်းကျိုး
အကြီးအသေးကို ဖြစ်စေသည်ဟု ယူဆလျှင် ဗုဒ္ဓဝါဒ။

၁၂။ လူသေပြီး ခုနှစ်ရက်လည်မှ အိမ်မှထွက်သည်ဟု ယူဆလျှင် ဗြာဟ္မဏဝါဒ။ စုတိနောင် ပဋိသန္ဓေဖြစ်သည်၊ သို့မဟုတ်
သေပြီးစက္ကန့်မခြားဘဲ နောက်ဘဝသစ်၌ ချက်ချင်းဖြစ်သည်ဟု ယူဆလျှင် ဗုဒ္ဓဝါဒ။

၁၃။ မိမိကောင်းစားချမ်းသာဖို့ အဓိကထားပြီးလှူလျှင် ဗြာဟ္မဏဝါဒ။
အလှူခံပုဂ္ဂိုလ် ချမ်းသာဖို့အဓိကထားပြီး လှူလျှင် ဗုဒ္ဓဝါဒ။

၁၄။ ဝါတွင်းကာလ၌ အိမ်မပြောင်းကောင်း ဟု ယူဆလျှင် ဗြာဟ္မဏဝါဒ။
အဆင်ပြေသည့် အချိန်တွင် ပြောင်းကောင်းသည် ဟု ယူဆလျှင် ဗုဒ္ဓဝါဒ။

၁၅။ လက္ခဏာတွင် အာယုလမ်းကြောင်း ရှည်သောကြောင့် အသက်ရှည်သည်၊ အာယုလမ်းကြောင်းတိုသောကြောင့် အသက်တိုသည်ဟု ယူဆလျှင် ဗြာဟ္မဏဝါဒ။ သူ့အသက်ကို မသတ်ခြင်း၊ သူတပါး အသက်ရှည်ခွင့်ရအောင် ဆေးဝါး လှူဒါန်းခြင်း ဟူသော ကုသိုလ်တို့ကြောင့် အသက်ရှည်သည်၊ သူတစ်ပါး အသက်ကို သတ်ဖြတ်ခဲ့သော အကုသိုလ်ကြောင့် အသက်တိုသည်ဟု ယူဆလျှင် ဗုဒ္ဓဝါဒ။ အာယုလမ်းကြောင်းသည် သင်္ကေတ နိမိတ်သာ ဖြစ်သည်။

ဤကား လူငယ်တစ်ယောက် “ဗုဒ္ဓဘာသာဝင်ကောင်း”ဖြစ်ဖို့အတွက်
အခြေခံလိုအပ်သောအချက်တည်း။

မေတ္တာရှင်(ရွှေပြည်သာ) ၏ စိတ်ဝင်စားဖွယ်ကောင်းသော
အမေးအဖြေများ၊ အတွဲ-၁ မှမျှဝေပါတယ်။

(မူရင်းဓမ္မဒါနအလှူရှင် - Zahan Mon)
Dhamma Dãna Source ► Zahan Mon &
www.facebook.com/youngbuddhistassociation.mm

No comments:

Post a Comment