(၁)
အဲဒီနေ့က သူတစ်ယောက်တည်း “အချစ်က မီးလား”ဆိုတာကို တွေးနေဖြစ်တယ်၊
တစ်ခါတစ်ခါတော့လဲ အချစ်ကမီးပါလို့ လက်ခံလိုက်တယ်၊ တစ်ခါတစ်ခါတော့လဲ အချစ်က မီးမဟုတ်ပြန်ဘူးလို့ ငြင်းဆန်လိုက်တယ်၊ သူတစ်ယောက်တည်း တစ်ထိုင် တည်းနဲ့ တစ်နေရာတည်းမှာ အချစ်က မီးဖြစ်သွားလိုက် ရေဖြစ်သွားလိုက်နဲ့ အဆုံးမသတ်တဲ့ အတွေးတွေနဲ့ လုံးချာလိုက်နေတာပဲ၊
အချစ်နဲ့ ပတ်သက်ပြီးလဲ အဆုံးမတွေ အများကြီး ဖတ်ဖူးတဲ့ သူ့မှာ မေးခွန်တွေကို ဘာသာထုတ်လိုက် ဘာသာပြန်ဖြေလိုက်နဲ့ အချစ်က ဘာဆိုတာ ကွဲကွဲပြားအဖြေ မရခဲ့ဘူး၊
ဒီလိုနဲ့ အဲဒီနေ့ဟာ တစ်နေကုန်ပြီး တစ်မိုးချုပ်ခဲ့တယ်၊ မပြိးပြတ်သေးတဲ့ အတွေးကို အဖြေရှာဖို့ သူ စာအုပ်စင်ပေါ်က ဇာတ်တော်စာအုပ်လေး ကောက်ကိုင်လိုက်တယ်။ ။
(၂) သူစဖတ်မိတဲ့ စာမျက်နှာ အစမှာပဲ -------------------
စာဖတ်သူများလဲ အဲဒီလို အတွေးတွေနဲ့ ချာချာလည်ခဲ့တဲ့ အကြိမ်တွေ မနည်းမနော ရှိခဲ့ဘူးမှာပါ၊ ဘာလို့လဲ ဆိုရင် အားလုံးက ပုထုဇဉ်တွေလေ အချစ်အကြောင်း မတွေးပဲ ဘယ်နေလိမ့်မလဲနော်၊ တွေးမိမှာပါပဲ၊
အချစ်က မီးပဲဖြစ်ဖြစ် ၊ရေပဲဖြစ်ဖြစ် မချစ်မိအောင်တော့ ဘယ်သူမှ နေနိုင်ကြမှာ မဟုတ်ပါဘူး၊ ဘာလို့လဲ ဆိုရင် အားလုံးက ချစ်တတ်တဲ့ နှလုံးသားရှိကြတဲ့သူတွေမို့ ပါ၊ အ၀ိဇ္ဖာနယ်တွင်းမှာ သက္ခာဆယ်ရင်းနဲ့ချစ်လိုက် လိပ်ပြာငယ်ရင်းနဲ့ ချစ်လိုက်၊၊ ။
ချစ်လိုက် ၊ချစ်လိုက်၊ ချစ်လိုက်နဲ့ အချစ်မကြိုက်တာတွေလုပ်မိလို့ အချစ်နဲ့ ကွဲကွာ ခွဲခွါရလိုက်၊ အချစ်ကြိုက်တာတွေ လုပ်မိပြန်တော့ အချစ်နဲ့ ပြန်လည်ပေါင်းစည်းမိကြ နဲ့ အချစ်သံသရာနွံတောမှာ ချစ်တတ်မြတ်နိုးတတ်တဲ့ ပုထုဇဉ်သတ္တ၀ါ သူသူငါငါ မျောလွင့်ဖူးတာပေါ့၊
အဲဒီတော့ မချစ်တတ်တဲ့ သတ္တ၀ါထဲမှာလဲ ကိုယ်က ၀င်ပါရတဲ့အခါလဲ ရှိကြတာပဲ၊ အချစ်ငတ်တဲ့ သတ္တ၀ါထဲမှာ ကိုယ်က ၀င်ပါရတဲ့ အကြိမ်တွေလဲ မနည်းမနောရှိခဲ့ကြ မှာပါ၊ ကိုယ့်ကြောင့် အချစ်ခင်မျာ မျက်နှာငယ်၊ ဒုက္ခရောက် မဖြစ်စလောက်ကလေးက စ အနာတရဖြစ်ခဲ့ရတဲ့ အချိန်တွေလဲ မနဲခဲ့ဘူးပေါ့၊
လူတိုင်း၊သတ္တ၀ါတိုင်းကတော့ အချစ်ကို မျက်နှာလဲ ငယ်စေချင်မှာမဟုတ်ပါဘူး၊ ဒုက္ခလဲ ရောက်စေချင်မှာ မဟုတ်ပါဘူး၊ အနာတရတွေနဲ့ နာကြဉ်နေတာမျိုးလဲ ဖြစ်စေချင်မှာ မဟုတ်ပါဘူး၊ အချစ်ကို အမြဲတမ်းပျော်ရွှင် နေစေချင်မှာပါ၊
ဒါပေမဲ့ လူတိုင်း သတ္တ၀ါတိုင်းက မချစ်တတ်တော့ အချစ်ခမျာ နာမည်ကောင်း မရရှာပဲ ခဏခဏ နာမည်ပျက်ရရှာတယ်လေ၊ အချစ်နာမည်ကောင်းကောင်း ရအောင် ချစ်တတ်အောင် သင်ရမှာပေါ့နော်၊
ဒါဆို ချစ်တတ်အောင်ဘယ်လိုသင်မလဲ ၊ လွယ်လွယ်လေးပါ စာဖတ်သူရေ၊ လွယ်လွယ်လေးဆိုပြန်တော့ စာဖတ်သူက တွေးနေမှာပေါ့ လွယ်နေရင် လူတိုင်းလုပ် တတ်နေမှာပေါ့လို့လေ၊ ဒါပေမဲ့ လွယ်မယောင်နဲ့ ခက် ၊ တိမ်မယောင်နဲ့နက် ဆိုသလို အချစ်ကို ကိုင်တွယ်ရတာ ခက်တယ်လေ၊ လွယ်လွယ်နဲ့ စပါယ်ပွင့်ရင် လူတိုင်းခေါင်း မှာ စပါယ်တွေဝေနေမှာပေါ့ စာဖတ်သူ၊
ဒါဆို ဘယ်လိုလုပ်မလဲ၊ ဘယ်လိုသင်မလဲဆိုတာ သိရအောင် စာရေးသူ ဖတ်ဖူးတဲ့ ဇာတ်ဝတ္ထုလေး တစ်ခုကိုဖောက်သည်ချပြချင်ပါတယ်၊
သူဖတ်ပြီးသွားတဲ့ စာပိုဒ်တွေက သူတွေးခဲ့တာတွေနဲ့ ကွက်တိကျနေပါရောလား။ ။
(၃) ဒါနဲ့ အဖြေဆက်သိချင်တာနဲ့ သူက ကျန်နေတဲ့ စာပိုဒ်တွေကို ဆက်ဖတ်လိုက် တယ်၊-----------
ဘုရားအလောင်းတော် နုစဉ်က မစလရွာမှာ မဃဆိုတဲ့ အမျိုးသားလေး ဖြစ်တုန်းက အချစ်ကို ရွှေတင်မြခက် စုံဖက်မြတ်နိုး အောင်မြင်မှု တန်ခိုးနဲ့ နာမည် ကောင်းရအောင် လုပ်သွားတဲ့ နည်းလေးကို ပြောပြချင်ပါတယ်၊
ပြောပြရမယ်ဆိုရင် ဇာတ်တော်ကတော့ အရှည်ကြီးပါ၊ စာဖတ်သူများ ဖတ်ရတာ များနေမှာစိုးလို့ အကျဉ်းချုံးပြောပြပါမယ်၊ အဲဒီမစလရွာမှာ မဃဆိုတဲ့အမျိုးသား လေးက လမ်းတွေပြင်တယ်၊ တံတားတွေဆောက်တယ် ၊ အများအကျိုးကို ကူညီတာ စတဲ့ ကုသိုလ်အလုပ်တွေကို လုပ်ပါတယ်၊
အဲဒီလိုပါပဲ သူနဲအတူ သူ့နောက်လိုက် လူငယ်လေးတွေ ( ၂၉)ယောက်ကလဲ အများ အကျိုးတွေကို သယ်ပိုးဆောင်ရွက်ကြပါတယ်၊ အဲဒီ မာဃလူငယ်လေး ဦးဆောင်တဲ့ အဖွဲ့ဟာ ငါးပါးသီလကိုလဲ အမြဲစောင့်ထိန်းပါတယ်။ အဲဒီမာဃဆိုတဲ့ လူငယ်လေးမှာ လဲ မယားက လေးယောက်တောင် ရှိသတဲ့၊ သူတို့တစ်တွေကတော့ ------------
( ၁) သုဓမ္မာ
(၂) စိတ္တာ
(၃) နန္ဒာ
(၄) သုဇာ တို့ဖြစ်ပါတယ်၊
တစ်နေ့မှာ သူတို့လူငယ်လေးတွေတိုင်ပင်ပြီး ရွာလယ်မြေကွက်လပ်မှာ ဇရပ်ကြီး တစ်ဆောင်ဆောက်လုပ်ကြပါတယ်၊ အဲဒီဇရပ်ကြီးရဲ့ထိပ်မှာ အထွဋ်ထပ်ဖို့အနေနဲ့ လိုတဲ့ပစ္စည်း အသားတွေကို သုဓမ္မာက ပါဝင်ကုသိုလ်ယူပါတယ်၊
စိတ္တာဆိုတဲ့ အမျိုးသမီးလေးကတော့ အဲဒီဇရပ်ကြီးနားမှာ ပန်းမျိုးစုံဖူးပွင့်နေတဲ့ ဥယျာဉ်ကြီးတစ်ခု ဆောက်လုပ်လှူဒါန်းပါတယ်၊ နန္ဒာဆိုတဲ့ အမျိုးသမီးလေးကတော့ အဲဒိဥယျာဉ်နားမှာပဲ ကြာမျိုးငါးပါးနဲ့ ပြည့်စုံတဲ့ရေကန်ကြီး တစ်ကန်တူးဖော် လှူဒါန်းပါတယ်၊ အဲဒီလို လူအများက ကုသိုလ်ကောင်းမှုတွေလုပ်ကြ၊ သီလဆောက် တည်ကြပေမဲ့ သုဇာဆိုတဲ့ အမျိုးသမီးလေးကတော့ သူ့အလှသူပြင်၊ သူလင်တော်မောင်လုပ်ရင် ငါလဲရမှာပဲ ဆိုပြီး ဘာသိဘာသာနေလာပါတယ်၊
အဲဒီလိုနဲ့ မာဃလူငယ်တို့အယောက်သုံးဆယ်နဲ့ သုဓမ္မာ၊ စိတ္တာ၊ နန္ဒာတို့တစ်တွေဟာ အသက်အတိုင်းအရှည်အတိုင်း လူပြည်မှာ နေထိုင်ကုသိုလ်ကောင်းမှုတွေပြုပြီး၊ သေလွန်သွားကြပါတယ်၊ သေလွန်တော့ တာဝတိံသာနတ်ပြည်မှာ မာဃလူငယ် လေးက သိကြားမင်းကြီးဖြစ်လာပြီး ကျန်တဲ့သူတွေက သူရဲ့နောက်လိုက် နတ်သားတွေ နတ်သမီးတွေဖြစ်လာပါတယ်၊
အဲဒီအချိန်မှာ တာဝတိံသာမှာ အသုရာတွေနေထိုင်တာပါ၊ သိကြားမင်းပိုင်ဆိုင်တဲ့ နတ်ပြည်မဟုတ်သေးပါဘူး၊ အသုရာတွေကပဲဆိုင်တဲ့ ပြည်ပါ၊ မာဃတို့လူငယ်တွေ ရောက်လာမှ အသုရာတွေကို မြင့်မိုရ်တောင်ခြေရင်းကို နှင်ထုတ်လိုက်ပါတယ်၊ အဲဒီအသုရာတွေက အမြဲတမ်းအရက်မူးနေကြပါတယ်၊ အရက်အမူးပြေလို့ သခွတ်ပန်းပွင့်ချိန်ရောက်တိုင်း သူတို့ပြည်တာဝတိံသာကို သတိရကြသတဲ့လေ၊
သခွတ်ပန်းပွင့်ချိန်ရောက်တိုင်းလဲ တာဝတိံသာက သိကြားမင်းနဲ့ အသုရာတွေနဲ့ စစ်ဖြစ်ကြတယ်တဲ့၊ အဲဒီလိုနဲ့ သူတို့ဟာ တစ်ဦးနဲ့ တစ်ဦး ရန်သူကြီးတွေဖြစ်လာပါ တယ်၊
ဒါပေမဲ့ စစ်ဖြစ်တိုင်း အသုရာတွေရှုံးတာပါတဲ့၊ သိကြားမင်းက အမြဲတမ်းနိုင်ပါတယ်၊
သိကြားမင်းက တာဝတိံသာမှာအနေကြာလာရင်း တစ်နေတော့ သူမယားလေး ယောက်ထဲ တစ်ယောက်ဖြစ်တဲ့ သုဇာလေး တာဝတိံသာမှာ ပါမလာတာ သတိ ထားမိသွားပါတယ် ၊
ငါရဲ့ အချစ်ဆုံးသုဇာလေး ဘယ်ဝများ ရောက်နေလဲ၊ အဆင်ပြေရဲ့လား၊ နေကေင်းရဲ့ လားဆိုပြီး နတ်မျက်စိနဲ့ ရှာကြည့်ပါတယ်၊
လားလား အဲဒီချိန်မှာ သုဇာလေးက ကုသိုလ်ကောင်းမှု ဘာမှမလုပ်ခဲ့တော့ ငါးတွေ ဖမ်းစားနေတဲ့ ဗျိုင်းမလေးဖြစ်နေရှာသတဲ့၊
ဒါနဲ့ သိကြားမင်းကလဲ မဖြစ်ချေဘူး၊ ငါရဲ့အချစ်ဟောင်းကို ကယ်မှပဲဆိုပြီး သုဇာဗျိုင်းမလေးဆီသွားပါတယ်။ သွားပြီတော့ ရှင်မရယ် မင်းမလဲ ရှေးက ကုသိုလ်ကောင်းမှုနဲခဲ့လို့ အခုလို တိရစ္ဆာန်ဘ၀ရောက်နေတာ၊ ဒီဘ၀က လွတ်အောင် ငါးပါးသီလဆောက်တည်ပါကွယ်လို့ တိုက်တွန်းအားပေးခဲ့ပါတယ်၊
သုဇာလေးကလဲ သိကြားမင်းပြောတဲ့အတိုင်း ချစ်တဲ့စိတ်နဲ့လိုက်နာပြီး ငါးပါးသီလတွေမြဲအောင်စောင့်ပါတယ်၊
အဲဒီဗျိုင်းမလေးဘ၀မှာ သုဇာဟာ ငါးပါးသီလတွေစောင့်စည်းခဲ့တဲ့အတွက်၊ သူသေ လွန်တဲ့အခါ လူပြည်က ဗာရာဏသီပြည်မှာ အိုးလုပ်တဲ့အိမ်မှာ သမီးကလေး အဖြစ်နဲ့ မွေးဖွား လာပါတယ်။
အဲဒီအိုးထိန်းသည် သမီးကလေးဘ၀မှာလဲ သုဇာဟာ ငါးပါးသီလတွေကို ဆက်လက်စောင့်ထိန်းပါတယ်၊
အဲဒီအခါမှာလဲ တာဝတိံသာက သိကြားမင်းကြီးခများ မနေသာဘူး ၊ အချစ်ဟောင်း သုဇာလေး ဘယ်ဘ၀ရောက်နေလဲဆိုတာ နတ်မျက်စိနဲ့ ရှာကြည့်ပြန်ရှာတယ်၊ ဗာရာဏသီက အိုးထိန်းသည်အိမ်မှာ အိုးလုပ်သမလေးဖြစ်နေပြီး ဆင်းရဲနေတာ မြင်ပြန်တော့၊
သိကြားမင်းခများ အဖိုးအိုယောင်ဖန်ဆင်းပြီး၊ အဲဒီအိုးလုပ်တဲ့ ရွာထဲမှာ လှည်းကြီးနဲ့ ရွှေဖရုံသီးတွေတင်ပြီး ၀င်သွားတယ်၊ ရွာသူရွာသားတွေက ရွှေဖရုံသီးတွေ ရောင်းပါလို့ အဖိုးအိုယောင် ဆောင်ထားတဲ့ သိကြားမင်းကိုပြောတော့ သကြားမင်းက ငါက ရောင်းဖို့မဟုတ်ဘူးကွာ၊ ငါးပါးသီလစောင့်တယ်၊ ငါးပါးသီလကို သိတဲ့သူကို ပေးဖို့ယူလာတာလို့ပြောလွှတ်တော့ ၊ ရွာသူ ရွာသားတော်တော်များ များက ငါးပါးသီလကို မသိကြတော့ တစ်ယောက်မှ ရွှေဖရုံသီးတွေမရကြဘူး၊
အဲဒီအချိန်မှာ သုဇာအိုးလုပ်သမလေးက သူငါးပါးသီလကိုသူသိပါတယ်၊ သူရွှေဖရုံ သီးတွေပေးပါလို့ တောင်းတော့ သိကြားမင်းက သုဇာကိုရွှေသခွားသီးတွေပေးပြီး ၊ ကုသိုလ်ကောင်းမှု တွေလုပ်ပါ၊ သီလတွေကို ဆက်လက်စောင့်ထိန်းပါလို့ မှာကြားပြီး တာဝတိံသာကို ပြန်သွားခဲ့တယ်။
အဲဒီလိုနဲ့ သုဇာအိုးလုပ်သမလေးဟာ အဲဒီဘ၀မှာ သီလတွေစောင့် ၊အလှူဒါနတွေ လုပ်ကာ သေဆုံးတဲ့အခါ သကြားမင်းတို့ရဲ့ ရန်သူတော်တွေနေတဲ့ အသုရာနတ် ပြည်မှာ အသုရာနတ်ဘုရင်ရဲ့ သမီးနတ်သမီးလေး သွားဖြစ်ပါတယ်၊
ဘ၀တိုင်းဘ၀တိုင်း သီလတွေစောင့်တည်ခဲ့တဲ့အတွက်ရုပ်ရှည်အဆင်းက အရမ်းကို လှပပါသတဲ့ ၊ မြင်ရတဲ့ နတ်သားတိုင်းက သုဇာနတ်သမီးလေးကို သိမ်းပိုက်ချင်ပါ သတဲ့၊ သုဇာလေးရဲ့ ချစ်လင်ဖြစ်ရရင် သေပျော်ပါပြီကွာလို့ ပြောရတဲ့ အထိကို ဖြစ်ကြသတဲ့၊
အဲဒီသတင်းကို တာဝတိံသာက သိကြားမင်းကကြားတော့ အသုရာနတ်ပြည်ကို ရုတ်တရက်ဆင်းလာပြီး သုဇာလေးကို လာကြည့်သတဲ့၊ နောက်တစ်ခါ ဘ၀ဘ၀က တိုင်းက အချစ်မေတ္တာ တန်ခိုးတွေကြောင့် မြင်မြင်ချစ်မိသွားပြီး တာဝတိံသာကို ခေါ်သွားပါသတဲ့ စာဖတ်သူ။
(၄)
ဇာတ်လမ်းလေးကတော့ ဒါပဲ စာဖတ်သူရေ အချစ်က မီးဖြစ်ချင်ဖြစ်မယ်၊ ရေဖြစ်ချင် ဖြစ်မယ်၊ဒါပေမဲ့ အသုံးချတ်မှ ရေဖြစ်မယ်နော်၊ ဘာလို့လဲ ဆိုရင် ဒီဇာတ်တော်လေး မှာ အချစ်ကြောင့်၊ ရှင်းရှင်းလင်းလင်း ပြောရရင် သိကြားမင်းက သုဇာလေးကို ချစ်တဲ့ ချစ်ခြင်းမေတ္တာကြောင့် ဘ၀ခြားပေမဲ့ ခဏတိုင်းလာလာပြီး သီလတွေ ဆောက် တည်ပါ၊ အလှူဒါနတွေလုပ်ပါလို့ တိုက်တွန်းခဲ့တာပါ၊
အဲဒီလိုပါပဲ သုဇာလေးကလဲ သကြားမင်းကို ချစ်တဲ့ စိတ်နဲ့ ချစ်သူပေးတဲ့ ဆုံးမစကား တွေ အကြံကောင်းတွေကို တစ်သွေမတိမ်းလိုက်နာပြီး ကုသိုလ်ကောင်းမှုတွေပြုလုပ် လို့ နောက်ဆုံးမှာ ပြန်လည်ဆုံးဆည်းကြရတယ်နော်၊
ဒါကြောင့် စာဖတ်သူရော အချစ်နဲ့ မကင်းသေးတဲ့ သူတစ်ယောက်ဖြစ်နေသေးတယ် ဆိုရင် အချစ်ကို မီးမဖြစ်အောင် ဘယ်လိုလုပ်မလဲ၊ ဘယ်လိုလုပ်မယ်ဆိုတာ မသိရင်
ဒီဇာတ်တော်လေးကို အစကနေ အဆုံးထိအောင် တစ်ခေါက်လောက် ပြန်ဖတ်ကြည့် ပါလို့ တိုက်တွန်းစကား ဆိုပါရစေ။ ။
( ၅) အားလုံး အဆုံးသတ်ဖတ်ပြီး ချိန်မှာတော့ ---
သူ တွေးဖြစ်ပြီးတော့ မပြီးပြတ်သေးတဲ့ အချစ်အကြောင်း အရှုတ်ထွေး အတွေကို ရှင်းလင်းသွားရပါတယ်။ အော်----------ဒါဆို အချစ်ဟာ တကယ်ချစ်တတ်ရင်-------------------------------------------------------
ရွှေမန်းသား အရှင်အကုင်္ရ
http://www.facebook.com/shwemantha
http://shwemantha.blogspot.in/
shwemantha@gmail.com
ကျမ်းကိုး=
ခုဒ္ဒက နိကာယ
ကုလာဝကဇာတက
ပါဠိတော်၊ အဋ္ဌကထာ၊
Jataka Tales of the Buddha an Anthology
( Ken and Visakha Kawasaki)
No comments:
Post a Comment