ဆရာတော်ကြီးသည် စာရေး၊ စာချ၊ တရားဟော၊ တရားပြ၊ အလုပ်လေးမျိုးလုံးကို မရပ်မနားပြုလုပ်တော်မူသော ဆရာတော်တစ်ပါး ဖြစ်၏။ သက်တော် ၆၀အရွယ် ပျံလွန်တော်မူမှပင် သာသနာပြု
အလုပ်မှ အနားယူတော်မူသည်။ သက်တော်ထင်ရှားရှိစဉ်အတွင်း ဆရာတော်ကြီး၏ အနားယူပုံမှာ မှတ်လောက်လောက်သားလောက်၏။
ဆရာတော်ကြီး၏ အနားယူနည်းကို ဆရာတော်ကြီးကိုယ်တိုင် ယခုလိုအမိန့်ရှိတော်မူ၏။
စာရေးရတာပင်ပန်းလို့အနားယူချင်ရင် စာချလိုက်တာပဲ။ စာချလိုက်တာ ပင်ပန်းလို့ အနား ယူချင်ရင် တရားဟောလိုက်တာပဲ။ ဘုန်းကြီးအနေနဲ့က
တော့ အလုပ် တစ်ခုကနေ အခြား အလုပ်တစ်ခု ပြောင်းလုပ်တာကို အနားယူတယ်လို့သဘောထားတယ်။
အချို့ပုဂ္ဂိုလ်သည် မိမိအချိန်ဖြုန်းရတာနှင့် အားမရသောကြောင့် သူတစ်ပါးအချိန်ကိုပင် လိုက်၍ဖြုန်းကြ၏။ မခေါ်ဘဲလျှောက်လည်ပြီး စကားပေါတတ်သူများသည် သူတစ်ပါး၏ အလုပ်အချိန်များကို လိုက်၍ ဖြုန်းတီးနေခြင်းပင်ဖြစ်၏။
ထို့ကြောင့် အလုပ်တစ်ကယ်လုပ်ချင်သော ဆရာတော်များမှာ ဧည့်တွေ့ချိန်ကို သီးသန့် သတ်မှတ်ပေးကြခြင်းဖြစ်၏။ ထိုဧည့်တွေ့ချိန် သတ်မှတ်သော ပုဂ္ဂိုလ်များကို မာနကြီးသည်ဟု ယူဆပြီး အကြည်
ညို မပျက်သင့်။ လူ့ဘ၀နေရသမျှ အချိန်များကို သာသနာအတွက်၊ လောကအတွက် အပြည့်အ၀ အသုံးချနေသူများ ဖြစ်သည်ဟု နားလည်ပြီး ပိုမို ကြည်ညိုလေးစားသင့်၏။
ထိုကဲ့သို့ သူတစ်ပါးအချိန် လိုက်ဖြုန်းသူများကို ဓမ္မဒူတ ဆရာတော်ကြီးက - ကိုယ်ပိုင် အချိန်တွေ ဖြုန်းရတာ အားမရလို့ သူတစ်ပါး အချိန်တွေ
လိုက်ဖြုန်းနေတဲ့ အချိန်သူခိုးတွေကို သတိထားကြ၊ အနားကပ်မခံကြနဲ့ ဟု သတိပေးတော်မူခဲ့၏။
နှစ်ဆယ့်လေးနာရီ အချိန်ကို ရတာချင်း တူသော်လည်း အသိဉာဏ် မတူသဖြင့် အသုံးချပုံချင်း မတူကြချေ။ ပညာရှိ လူလိမ္မာနှင့် ပညာမဲ့လူမိုက်တို့၏ အချိန်အသုံးချမှုမတူပုံကိုပြသော ဂါထာတစ်ဂါထာ
ရဖူး၏။ ထိုဂါထာကား -
ဓနာ ပုညာဓိလာဘေန၊
ကာလံ ခိယတိ ပဏ္ဍိတော၊
ကီဠနေန စ ဒုမ္မေဓော၊
နိဒ္ဒါယ ကလဟေန ၀ါ - ဟူ၏။
အဓိပ္ပါယ်ကား -
ပညာရှိသည် ကုသိုလ်၊ ပညာ၊ ဥစ္စာတစ်မျိုးမျိုးကို ရခြင်းဖြင့် အချိန်ကာလကို ကုန်လွန်စေသည်။ ပညာမဲ့သည်မြူးတူးပျော်ပါး ကစားခြင်း၊ အိပ်ခြင်း၊ ငြင်းခုန် ခိုက်ရန်စကားများခြင်းဖြင့် အချိန်ကာလကို
ကုန်လွန်စေသည် ဟူ၍ဖြစ်၏။
ဤကား အချိန်နှင့်ပတ်သတ်သော ပါဠိဂါထာဖြစ်၏။
မေတ္တာရှင် ရွှေပြည်သာ
မေတ္တာဖြင့်စီးပွားရှာခြင်းမှ
No comments:
Post a Comment