Tuesday, June 7, 2011

ဘယ်ဘေးကို ကြောက်မလဲ

ဘယ်ဘေးကို ကြောက်မလဲ
ပရာနုဝါဒဘေးနဲ့ အတ္တာနုဝါဒဘေးဆိုတဲ့ ဘေးနှစ်ပါးမှာ ပရာနုဝါဒဘေးဆိုတာ သူတစ်ပါးက စွပ်စွဲကဲ့ရဲ့တဲ့ဘေးပါ။ အတ္တာနုဝါဒဆိုတာက ကိုယ့်ကိုယ်ကို ပြန်ပြီးစွပ်စွဲကဲ့ရဲ့တဲ့ဘေးပါ။
သူတစ်ပါးစွပ်စွဲကဲ့ရဲ့တဲ့ ပရာနုဝါဒဘေးဆိုတာက ကိုယ့်ဘက်က အပြစ်မရှိဘဲ ဖြူစင်နေရင် ဘာမှဂရုစိုက်စရာလည်းမလိုဘူး ကြောက်စရာလည်းမလိုဘူး။အတိတ်က၀ဋ်ကြွေးပါလာရင် ရက်ပိုင်းလပိုင်းအထိ နာမည်ပျက်သိက္ခာကျတဲ့ ဒဏ်ကိုတော့ခံရပါမယ်။အပါယ်ငရဲဆွဲချနိုင်တဲ့ တရားမဟုတ်လို့ နည်းနည်းမှကြောက်စရာမလိုပါဘူး။
ပရာနုဝါဒဘေးဆိုတာကတော့ ၀ဋ်ကြွေးရှိခဲ့ရင် ဘုရား၊ ရဟန္တာများတောင်မလွတ်ပါဘူး။ ဂေါတမဘုရားရှင်ဆိုရင် မိန်းမနဲ့ နှစ်ကြိမ်တောင်သမုတ်ခံရပါ တယ်။ခုနှစ်နှစ်သားအရွယ်က ရဟန္တာဖြစ်ခဲ့တဲ့ အရှင်ဒဗ္ဗမထေရ်ဆိုရင် မိန်းမနဲ့သုံးကြိမ်သမုတ် ခံခဲ့ရပါတယ်။သူလိုကိုယ်လို သာမာန်လူတွေအတွက်တော့ ပြောစရာလိုဘူး။
တကယ်ကြောက်စရာကောင်းတာက ကိုယ့်ကိုယ်ကို ပြန်ပြီးစွပ်စွဲတဲ့ အတ္တာနုဝါဒဘေးပါပဲ။ သူတစ်ပါးကိုလိမ်လို့ရတယ်။ကိုယ့်ကိုယ်ကို လိမ်လို့မရပါဘူး။ မဟုတ်တာလုပ်မယ် ပြောမယ် ကြံမယ်ဆိုရင် သူတစ်ပါးနောက်မှသိမှာပါ ကိုယ်ကအရင်ဆုံးသိပါတယ်။ဒါကြောင့် အတ္တာနုဝါဒ ဘေးမဆိုက်ဖို့ဆိုရင် ကိုယ့်ကိုယ်ကို တကယ်ကြည်ညိုအောင်နေဖို့ အရေးကြီးပါ တယ်။မိမိကိုယ်ကို တစ်ကြိမ်လောက်မေးကြည့်ပါ။ ငါ, ငါ့ကိုယ်ငါတကယ်ကြည်ညိုရဲ့လာလို့၊ မလိမ်တန်း၊ မညာတန်းအဖြေထုတ်လိုက်တဲ့အခါ ကြည်ညိုပါတယ်ဆိုတဲ့အဖြေထွက်လာရင် ဘ၀ကူးကောင်းဖို့သေချာနေပါပြီ။ မကြည်ညိုဘူးဆိုရင်တော့ မကောင်းရာရောက်ဖို့သေချာနေပါပြီ၊ ဗေဒင်မေးစရာမလိုတော့ပါဘူး။
မိမိကို ဘေးကလာကယ်လို့မရပါဘူး၊ မိမိကိုယ်တိုင်ကယ်မှရမျာပါ။ဒါကြောင့် မကြည်ညိုသေးဘူးဆိုရင်တော့ ကြည်ညိုလာအောင်ကြိုးစားသင့်ပါတယ်။ ဒါနကုသိုလ်တွေအများကြီးရှိရက်နဲ့ မလ္လိကာဒေ၀ီ ငရဲကျရတာဟာ ကိုယ့်ကိုယ်ကို ပြန်စွပ်စွဲတဲ့ အတ္တာနုဝါဒဘေးဆိုက်လို့ပါ။တစ်နည်း ကိုယ့်ကိုယ်ကို တကယ်မကြည်ညိုလို့ပါဆိုတာ သိပ်ထင်ရှားနေပါတယ်။ဒါကြောင့် ကိုယ့်ကိုယ်ကို ကြည်ညိုအောင်အရင် ကြိုးစားကြပါစို့
မေတ္တာရှင်ရွှေပြည်သာဆရာတော်၏ မဂ်တား ဖိုလ်တားအန္တရယ်များစာအုပ်မှ

သတ္တ၀ါအပေါင်းကျန်းမာ ချမ်းသာကြပါစေ
ရွှေရည်

No comments:

Post a Comment