လွန်လေးပြီးသော တစ်အသေင်္ချနှင့် ကမ္ဘာတစ်သိန်းထက်၌ အရှင်သာရိပုတ္တရာသည် ဗြာဟ္မဏမဟာသလမျိုး၌ဖြစ်၍ သရဒလုလင် ဟု အမည်ရှိ၏။ အရှင်မဟာမောဂ္ဂလာန်သည် ဂဟပတိမဟာသလ အမျိုး၌ဖြစ်၍ သီရီဝဍ္ဎန အမည်ရှိ၏။ ထိုသူနှစ်ဦးတို့သည် ငယ်စဉ်တောင်ကျေး ကလေးဘ၀တည်းက ကစားဖော်များဖြစ်ခဲ့၍ အလွန်ချစ်ကျွမ်းဝင်ကြ၏။ အရွယ်ရောက်လတ်သော် သရဒလုလင်သည် ဖခင်ကွယ်လွန်ုဖြင့် အမျိုးစဉ်ဆက်မှ လာသော ဥစ္စာစည်းစိမ် တိုကိုရရှိ၏။ တစ်နေ့ဝယ် ဤသို့ အကြံဖြစ်ပေါ်၏ ။
“ ငါသည် ဤမျက်မှောက်ဘ၀ကိုသာ သိ၏၊ တမလွန်ဘ၀ကို မသိ။ သတ္တ၀ါအားလုံးသည် သေရမည်မချွတ်တည်း။ သေလွန်သောအခါ ဥစ္စာ ရွှေငွေ ဆန်ရေစပါးတို့ကို မယူဆောင်သွာနိုင် ဇနီးသားသမီး ဆွေမျိုးတို့ကလည်းလိုက်၍ မပြုစုနိုင်။ မသေမီကာလ ပျော်နိုးကြသော ကာမချမ်းသာသည်လည်း အနှစ်သာရမရှိ။ ထိုအနှစ်သာရမရှိသော ကာမချမ်းသာကို မှီဝဲပျော်ပါး နေးခြင်းဖြင့် အဘယ်အကျိုးရှိ အံနည်း။ လူ့ဘောင်မှထွက်ခွာ၍ ရဟန်းဘ၀ဖြင့် နိဗ္ဗာန်ကိုရှာရမူကောင်း၏”
ဤသို့ အကြံဖြစ်သည့်အတိုင်း မိတ်ဆွေ-သီရိဝဍ္ဎန နှင့်တိုင်ပင်၏။ သီရိဝဍ္ဎနက “အဆွေ… ငါသည် ရဟန်းပြုခြင်းငှာ မစွမ်းနိုင်၊ သင်စွမ်းနိုင်က ပြုပါလေး”ဟု ဆို၏။
သရဒလုလင်သည် ဥစ္စာပစ္စည်းအလုံးစုံကို ပြည်သူအပေါင်းတို အားလှူဒါန်းပြီးလျှင် ဟိမ၀န္တာတောင်အနီး လမ္ဗကမည်သော တောင်ကိုမှီ၍ ရဟန်း(ရသေ့)ပြု၏။ သမထဘာဝနာကို ကောင်းစွာရှုပွားသဖြင့် မကြာမြင့်မီပင် ဈာန်သမာပတ်ရှစ်ပါးနှင့် အဘိညာဉ်ငါးပါးတို့ကို ရရှိကြ၏။
ထိုအခါ မဇ္ဈိမဒေသ စန္ဒ၀တီပြည်ဝယ် အနောမဒဿီမြတ်စွာဘုရား ပွင့်ထွန်းတော်မူ၏။ တစ်နေ့ဝယ် မြတ်စွာဘုရားသည် မဟာကရုဏာသမာပတ်မှ ထ၍ လောကကို ရှုကြည့်တော်မူရာ သရဒရသေ့နှင့် အခြံအရံရသေ့အပေါင်းကို တရားတော်မိုး ရွာသွန်းဖြိုးရန် အခါသင့်မြတ်သည်ကို မြင်တော်မူ၏။ သို့အတွက် ကိုယ်တော်တစ်ပါးတည်းပင် ကောင်းကင်ခရီးဖြင့်ကြွချီ၍ သရဒရသေ့အနီး၌ ဆင်းသက်တော်မူ၏။
သရဒရသေ့သည် ဗေဒင်ကျမ်းလာလက္ခဏာတော်ကြီး လက္ခဏာတော်ငယ်များနှင့်တကွ အံ့ဖွယ်တစ်ဆယ် ရှစ်စုံ ရောင်ခြည်တော်ခြောက်သွယ်တို့နှင့် “ဤသူမြတ်ကား သဗ္ဗညုတမြတ်စွာဘုရားပေတည်း”ဟု မှတ်ယူ၍ ခရီးကြိုဆို၏၊ သောက်သုံးရေထည့်၏၊ နေရာခင်၏၊ ၀တ်ပြု၏၊ ရိုသေစွာရှိခိုး၏။ အခြံအရံ ရသေ့အပေါင်းသည် သစ်သီးများကို ဆောင်လျက်ပြန်လာကြသည့်အခါ တင့်တယ်စွာနေသော ဘုရားရှင်နှင့် မိမိတို့၏ ဆရာကိုမြင်လတ်သော...
“ဆရာ… ကျွန်ုပ်တို့သည် ဤ လောကဓာတ်၌ ဆရာထက်လွန်မြတ်သောသူမရှိပြီဟု ထင်မှတ်ကုန်၏။ ယခု ဆရာသည်ပင် ရှိခိုးရသော ဤပုဂ္ဂိုလ်ကား ဆရာထက်လွန်မြတ်သလော”ဟု မေးမြန်းကြ၏၊
သရဒရသေ့က “တပည့်တို့... အဘယ်သို့ ဆိုကုန်ဘိသနည်း၊ မုန်ညင်းစေ့နှင့် မြင်းမိုရ်တောင်ကို မနှိုင်းယှဉ်အပ်သကဲ့သို့ ငါနှင့် ဤပုဂ္ဂိုလ်မြတ်ကို မနှိုင်းယှဉ်အပ်ပါ။ ဤပုဂ္ဂိုလ်ကား လောကသုံးပါး၌ အထွတ်အထိပ်ဖြစ်သော မြတ်စွာဘုရား ပေးတည်း။ ငါတို့ကား သာသနာပအရည်းမျှသာတည်း” ဟုဆို၏။
ရသေ့အပေါင်းတို့သည် ဘုရားရှင်ကို ရှိခိုးကြ၏၊ သရဒရသေ့သည် ဘုရားရှင်အား သစ်သီးအမျိုးမျိုးနှင့် လုပ်ကျွေးပြီးသော် တရားတော်ကိုနာ၍ သဗ္ဗညုတဉာဏ်တော်ကို ၁၂ - ဂါထာတို့ ဖြင့် ချီးမွမ်းပူဇော်၏။
မြတ်စွာဘုရားသည် အဂ္ဂသာဝကနှစ်ပါးတို့၏ လာခြင်းကိုတောင်းတတော်မူ၏။ အဂ္ဂသာဝကနှစ်ပါးသည် သံဃာတော်တစ်သိန်းနှင့်တကွ ကြွလာပြီး ဘုရားရှင်ကို ခစားကြ၏။ သရဒရသေ့သည် တပည့်အပေါင်းတို့အား ပန်းမျိုးစုံကို ဆောင်ကြဉ်းစေ၍ ဘုရားရှင်၊ အဂ္ဂသာဝကနှစ်ပါးနှင့် သံဃာတော်အပေါင်းတို့ သီတင်းသုံးရန် မြင့်မာကြီးကျယ်သည့် ပန်းမွေ့ ရာ ပန်းခင်များကို ပြုလုပ်စေ၏။
မြတ်စွာဘုရားသည် ရသေ့တို့အာများမြောင်သော ကုသိုလ်ဖြစ်စိမ့်သောငှာ ပန်းနေရာထက်၌ ခုနှစ်ရက်ပတ်လုံး နိရောဓသမာပတ်ကို ၀င်စာကြ၏။ သရဒရသေ့သည် ခုနှစ်ရက်ပတ်လုံးပင် ဘုရားရှင်အာ ပန်းထီးမိုးလျက် အာဟာရမှီဝဲခြင်းမရှိ၊ ပီတိချမ်းသာဖြင့်နေ၏။
သမာပတ်မှထတော်မူလေလျှင် ဘုရားရှင်သည် လက်ယာရံ နိသဘထေရ်အား ပန်းနေရာ အနုမေဒနာ ပြုစေတော်မူ၏။ ထို့နောက် လက်ဝဲရံ အနောမထေရ်ကို အနုမောဒနာ ပြုစေတော်မူ၏။ အဂ္ဂသာဝကနှစ်ပါးတို့ တရားဟောကြားသည့် အတွက် ရသေ့တစ်ဦးမျှ မဂ်ဖိုလ်မရကြချေ။ ထို့နောက် မြတ်စွာဘုရားသည် ထူးပြာဆန်းကြယ်သော တရားတော်ဖြင့် အနုမောဒနာပြုတော်မူ၏။ ဒေသနာတော်အဆုံး၌ သရဒရသေ့မှတစ်ပါး ၇၄၀၀၀-သော ရသေ့တို့သည် ရဟန္တာများဖြစ်ကြ၏။
သရဒရသေ့ကာ နိသဘထေရ်၏ တရားစကားကို ကြားနာရစဉ်ကပင် “ဤအရှင်ကဲ့သို့ နောင်ပွင့်တော်မူသော ဘုရားရှင်တို့၏ သာသနာတော်ဝယ် ငါဖြစ်လို၏”ဟု စိတ်အကြံရှိ ၍ သမာဓိမရနိုင်သဖြင့် အရဟတ္တဖိုလ်သို့ မရောက်ချေ။ ထို့နောက် ဤသို့  လျှောက်ထား၏။
“အရှင်ဘုရား …… အကျွန်ုပ်သည် သဗ္ဗညုတဉာဏ်တော်ကို ချီးကျူးပူဇော်ရသော ကောင်းမှု၊ ပန်းထီးဆောင်းမိုးပေးရသော ကောင်းမှု၊ ဘုရားအမှုရှိသော သံဃာတော်တို့ကို ရိုသေမြတ်လေး လုပ်ကျွေးရသော ကောင်းမှုအစုစုတို့ကြောင့် နိသဘထေရ် ကဲ့သို့ နောင်ပွင့်တော်မူလတ္တံ့သော ဘုရားရှင်တစ်ဆူဆူ၏ သာသနာဝယ် လက်ယာရံ အဂ္ဂသာဝကဖြစ်ရပါလို၏”
ဘုရားရှင်သည် အနာဂတံဉာဏ်ဖြင့် ရှုတော်မူပြီးသော် ချစ်သားသရဒ…… ဤကမ္ဘာမှစ၍ရေသော် တစ်အသင်္ချေနှင့် ကမ္ဘာတစ်သိန်းလွန်းမြောက်သောကာလ၌ ဘဒ္ဒကမ္ဘာ ဖြစ်ပေါ်လိမ့်မည်။ ထိုကမ္ဘာ၌ ကကုသန်-ကောဏဂုံ-ကဿဖ ဟူသော ဘုရားသုံးဆူ ပွင့်ပေါ်ပြီးနောက် “ဂေါတမမြတ်စွာဘုရား” ပွင့်တော်မူလိမ့်မည်။ ထိုအခါ “သင်သည်သာဝကပါရမီ၏ အထွက်အထိပ်သို့ရောက်၍ သာရိပုတ္တရာအမည်ဖြင့် လက်ယာရံ အဂ္ဂသာဝကဖြစ်လိမ့်မည်” ဟုဗျာဒိတ်စကား မိန့်ကြားတော်မူ၏။
သရဒရသေ့သည် မိမိ၏ တပည့်များက ရဟန္တာဖြစ်၍ ဘုရားရှင်၏ နောက်တော်သို့ လိုက်ပါသွာကြသောအခါ သီရိဝဍ္ဎန သူကြွယ်ထံကြွသွား၏။ သူကြွယ်က ကောင်းမွန်စွာ ပြုစုလုပ်ကျွေးပြီး တပည့်များ မပါလာသည့်အကြောင်း ကိုမေး၏။
သရဒရသေ့သည် ဘုရားရှင်နှင့် ဆုံတွေခဲ့ရသည်မှစ၍ ဗျာဒိတ်ရသည့်တိုင်အောင် အကြောင်းစုံပြောပြပြီးလျှင် “ငါကား လက်ယာရံအဂ္ဂသာဝကဆုကို ရပြီ၊ သင်သည်လည်းငါ့နှင့် မကွဲမကွာ လက်ဝဲရံအဂ္ဂသာဝကဆုကို တောင်းပြီး ပါရမီဖြည့်လော့” ဟုတိုတ်တွန်း၏။
သူကြွယ်သည် သံဃာနှစ်သိန်းခန့် နေလောက်သော မဏ္ဍပ်ကြီးကို ဆောက်လုပ်စေ၏။ သရဒရသေ့အား ဘုရားရှင်နှင့် သံဃာတော်များကို ပင့်ဖိတ်စေ၏။ ဘုရားရှင်နှင့် သံဃာတော်တစ်သိန်း ကြွလာကြသော အခါ သူကြွယ်သည် ခုနှစ်ရက်ပတ်လုံး ဆွမ်းလုပ်ကျွေး၏။ တရားတော်နာကြား၏။ နောက်ဆုံးနေ့၌ ဘုရားအမှုရှိသော သံဃာတော်တို့အာ တိစီဝရိတ် သင်္ကန်း - ဆွမ်း - အဖျော်တို့ဖြင့် လှူဒါန်းပူဇော်၏ တရားတော်နာကြား၏၊ ထို့ နောက် ဘုရားရှင်အာ ဤသို့ လျှောက်ထား၏။
“အရှင်ဘုရား … ကျွန်ုပ်၏ အဆွေဖြင့်သော သရဒရသေ့သည် နောင်ပွင့်လတ္တံ့ သော ဂေါတမမြတ်စွာဘုရား၏ သာသနာတော်ဝယ် လက်ယာရံ အဂ္ဂသာဝကအဖြစ်ကို ရလိုကြောင်း ဆုတောင်း၏၊ အကျွန်ုပ်သည် ယခုပြုရသော ကုသိုလ်ကောင်းမှုကြောင့် ထိုဂေါတမ မြတ်စွာဘုရား၏ သာသနာတော်ဝယ် လက်ဝဲရံအဂ္ဂသာဝက အဖြစ်ကို ရလိုပါ၏”
အနောမဒဿီ မြတ်စွာဘုရားသည် အနာဂတံဉာဏ်ဖြင့် ကြည့်တော် မူ၍ ပြည့်စုံအံ့သောအကြောင်းကို မြင်တော်မူလျှင် “ချစ်သား သီရိဝဍ္ဎန ထိုအရှင် ဂေါတမဘုရားပွင့်ထွန်းသောအခါ သင်သည် မဟာမောဂ္ဂလာန်အမည်ဖြင့် လက်ဝဲရံ အဂ္ဂသာဝကဖြစ်လတ္တံ့” ဟု ဗျာဒိတ်စကား မိန့်ကြားတော်မူ၏။

(ဇိနတ္ထပကာသနီကျမ်း၊ ၁၃၆--၁၄၁)
ဂေါတမမြတ်စွာဘုရား၏ လက်ယာရံ အဂ္ဂသာဝိကာ - ခေမာထေရီသည် လွန်လေပြီးသော ကမ္ဘာတစ်သိန်းထက်၌ ပဒုမုတ္တရမြတ်စွာဘုရား ပွင့်တော်မူသောအခါ ဟံသာဝတီပြည်ဝယ် ဥစ္စာ ၂၄ - ကုဋေကြွယ်ဝသော သူဌေးသမီးဖြစ်၏။ ထိုသူဌေးသမီးသည် ဘုရားရှင်နှင့် သံဃာတော်များကို ခုနှစ်ရက်ပတ်လုံး အလှူကြီးပေး၏၊ ယင်းကောင်းမှုကြောင့် “နောင်ပွင့်တော်မူကုန်သော ဘုရားရှင်တို့၏ သာသနာဝယ် ပညာကြီးကျယ်သည့် ဘိက္ခုနီမဖြစ်၍ အဂ္ဂသာဝကအရာကို ရလိုပါ၏” ဟုဆုတောင်းခဲ့၏။ တောင်းသောဆုနှင့် ပြည့်စုံမည့်အကြောင်းကို ပဒုမုတ္တရမြတ်စွာဘုရား မြွတ်ကြားတော်မူခဲ့ လေ၏။
ဂေါတမမြတ်စွာဘုရား၏ လက်ဝဲရံ အဂ္ဂသာဝိကာ- ဥပလ္လ၀ဏ်ထေရီသည် ထိုပဒုမုတ္တရမြတ်စွာဘုရား လက်ထက်တော်တွင် မဟောရဂမည်သော နဂါးမင်းကြီး၏ မိဖုရား ၀ိမလာဒေ၀ီဖြစ်၏။ နဂါးမင်းကြီိးနှင့် မိဖုရားတို့သည် မြတ်စွာဘုရားနှင့် သံဃာတော်တို့ကို နဂါးပြည်သို့ ပင့်ဆောင်၍ ရတနာပလ္လင်ခင်းပြီး ရတနာမဏ္ဍပ်တည်ဆောက်၍ နတ်သုဒ္ဓါဆွမ်းတို့ ဖြင့် လှူဒါန်းပူဇော်ကြ၏။
ပဒုမုတ္တရ မြတ်စွာဘုရားသည် ၀ိမလာဒေ၀ီ၏ အားကြီးသော အထောက်အပံ့ပြည့်စုံမှု (ဥပနိဿယသမ္ပတ္တိ) ကိုမြင်တော်မူသဖြင့် လက်ဝဲရံအဂ္ဂသာဝိကာကို တန်ခိုးအမျိုးမျိုးပြစေ၏။ ၀ိမလာဒေ၀ီသည် တန်ခိုးပြခြင်းကို အလွန်နှစ်သက်ရကား အရှင်မကဲ့သို့ ဖြစ်လိုသော ဆန္ဒပြင်းထန်းစွာဖြစ်ပေါ်၏။ သို့အတွက် သရဏဂုံသုံးပါးနှင့် တကွငါးပါးသီလကို ခံယူပြီးလျှင် ပူဇော်ဖွယ်အထူးထူးတို့ဖြင့် ဘုရားအမှူးရှိသည့် သံဃာတော်တို့ ကို လှူဒါန်းပူဇော်၏။
နဂါးပြည်၌ ဖြစ်သော “အရုဏ” မည်သော ကြာပန်းဖြစ်လည်း ဘုရားရှင်အာ လှူဒါန်းပူဇော်၍ “နောင်သောအခါ ဤကြာပန်းအရောင်အဆင်းကဲ့သို့ ကိုယ်အဆင်းရှိသူ ဖြစ်စေသောဝ်၊ ဤတန်ခိုးကြီးသော ထေရီမကဲ့သို့  နောင်ဘုရားတို့ ၏ သာသနာ၌ သာဝိကာမဖြစ်စေသောဝ် ” ဟုဆုတောင်း၏။ တောင်းသောဆုနှင့် ပြည့်စုံမည်ကို ဘုရားရှင်သည် ဗျာဒိတ်စကား မိန့် ကြားတော်မူ။

(ဇိနတ္ထပကာသနီကျမ်း၊ ၃၇၀-၃၇၁-၊၄၅၆-၄၅၇ )
ရှေးသူတော်ကောင်းတို့သည် ဘုရားအမှူးပြုသော သံဃာတော်တို့ကို အကြီးအကျယ် ဆွမ်း သင်္ကန်းစသည် လှူဒါန်းပူဇော်ပြီးလျှင် မြင့်မြတ်သောဆုများကို ပန်းဆင်ခဲ့ကြ၏။ ပန်ဆင်သော ဆုအသီးသီးနှင့် ပြည့်စုံမည့်အကြောင်းကိုလည်း ဘုရားရှင်တစ်ပါးပါးထံမှ ဗျာဒိတ်စကား ကြားသိခဲ့ကြရ၏။ လိုအပ်သော အတိုင်းအတာအထိ ပါရမီဆက်ဖြည့်ပြီးသောအခါ ဗျာဒိတ်တော်အတိုင်း ဖြစ်မြောက်ခဲ့ကြ၏။
ယခုအခါသည် မြတ်စွာဘုရား၏ သာသနာတော်ထွန်းတောက်ချိန်ဖြစ်၍ ဘုရားအမှုးပြုသော သံဃာတော်ကို ပစ္စည်းလေးပါးဖြင့် လှူဒါန်းပူဇော်နိုင်သေး၏။ သို့အတွက် စေတနာထက်ထက်သန်သန်ဖြင့် လှူဒါန်းပူဇော်၍ ယုံယုံကြည်ကြည် ဆုတောင်းမည်ဆိုလျှင် ဆုတောင်းတိုင်း ကောင်းစွာပြည့်စုံမည်သာတည်း။

ကိုဖြိုး
[Reference: Myanmar Friends Day Website]
No comments:
Post a Comment