Monday, March 10, 2014

နိဗ္ဗာန်မဂ်ဖိုလ် ရက်တိုတို


ရှေးတုန်းကရွာတစ်ရွာမှာ လူကြီးတစ်ယောက်ရှိပါသတဲ့။ သူဟာ ညနေစောင်း အချိန်ရောက်ပြီ ဆိုတိုင်း ရွာထိပ်ကဘုရားကြီးရှေ့မှာ ဘုရားရှိခိုးလေ့ရှိပါသတဲ့.။ ဖြစ်ချင်တော့ သူက ဘုရားရှိခိုးတာဂုဏ်
တော်ပွားတာရိုးရိုးမလုပ်ပဲ လူအများ ကြားကောင်းအောင် နိဗ္ဗာန်မဂ်ဖိုလ် ရက်တိုတိုနဲ့ ရောက်ရပါလို၏ ဘုရား လို့ အော်ကြီး ဟစ်ကျုယ် အသံကောင်း ဟစ်တတ်ပါသတဲ့.။

ဘေးကကြားရတဲ့ လမ်းသွား လမ်းလာ လူတစ်ချို့က သြော် ဒီလူကြီး နိဗ္ဗာန်တကယ်ရောက်ချင်နေရှာတယ်။လို့ချီးမွှန်းကြ၊ တချို့ကလည်း သက်သက်ဟန်လုပ်ပြီး အသံကောင်း ဟစ်ပြီး ပြောတာပါကွာလို့ပြော
တဲ့သူကလည်း ပြောကြနဲ့ပေါ့။

ဒီလိုနဲ့တစ်နေ့ကျတော့ အဲဒီနားမှာ အမြဲနွားကျောင်းရတဲ့ နွားကျောင်းသား တစ်ယောက်က ဒီလူကြီးကို သိပ်ပြီး စိတ်ဝင်စားလာတယ်။ ဒီလူကြီး တကယ်ပဲ နိဗ္ဗာန်ကိုမြန်မြန်ရောက်ချင်တာလား ဒါမှမဟုတ်အသံ
ကောင်းဟစ်နေတာလား ဆိုတာကိုသူသိပ်သိချင်လာတယ်။

ဒါနဲ့ပဲတစ်နေ့ကျတော့ ဇာတ်ထဲကသိကြားမင်းဝတ်စုံတွေ ခဏသွားငှါးဝတ်လာပြီးတော့ အဲဒီလူကြီးမလာခင် ဘုရားနောက်မှာ ၀င်ပုန်းနေတာပေါ့။ မကြာခင် လူကြီးရောက်လာပြီး အာပေါင်အာရင်း သန်သန်နဲ့ ရွတ်တော့ဖတ်တော့တာပဲကိုး၊ ရွတ်ဖတ်လို့လည်းပြီး
ရော နိဗ္ဗာန်မဂ်ဖိုလ် ရက်တိုတိုနဲ့ရောက်ရပါစေဘုရားလို့အော်ပြီး ဆုတောင်းလိုက်တော့တာပေါ့။

အဲဒီအချိန်မှာ ဘုရားနောက်မှာပကွယ်ပြီး ပုန်းနေတဲ့ သိကြားမင်းယောင် ဆောင်ထားတဲ့ နွားကျောင်းသားက ဘွားကနဲပေါ်လာပြီး
အို အမောင်လူသား ငါဟာ စတုမဟာရာဇ်၊ တာဝတိံသာနတ်နှစ်ရွာကို အစိုးရတဲ့ သိကြားကိုမာဃဖြစ်ပေတယ်။

ဟာ .. .သိကြားမင်းပါလား၊ ၀မ်းသာလိုက်တာ၊ ဒါနဲ့ သိကြားမင်း ဘာကြောင့်လူ့ပြည်ကို ဆင်းလာရပါလဲ

သြော် အမောင်လူသားက ကုသိုလ်ကောင်းမှုတွေ ပြုပြီး နိဗ္ဗာန်မဂ်ဖိုလ် ရက်တိုတိုနဲ့ ရောက်ရပါစေလို့ နေ့တိုင်း ဆုတောင်းနေတာကြားရလို့ ငါသိကြားမင်းက သင့်ကိုအခုချက်ချင်း နိဗ္ဗာန်ကိုအရောက်ပို့ပေး
တော့မယ်။ အမောင်လူသား အခုချက်ချင်းလိုက်ခဲ့ပေတော့။

ဟာ......အခုချက်ချင်းတော့ လိုက်လို့မရသေးဘူး ထင်တယ်ဘုရား၊ အိမ်မှာက ဇနီးရှိလေသေးတော့ အိမ်ကဇနီးနဲ့ပြန်ပြီး တိုင်ပင်ပါရစေဦးဘုရား။ ဆိုပြီး အိမ်ကိုတစ်ချိုးတည်း လစ်ပြေးတော့တာပါပဲ။

မောကြီးပန်းကြီးနဲ့ အိမ်ပြန်ပြေးလာတဲ့ဒီလူကြီးကို ဇနီးနဲ့ သားသမီးတွေက ကြည့်ပြီးလန့်သွားကြတာပေါ့လေ။

ရှင်မရေ.....ရှင်မရေ။

ဘာလဲ တော်ရေ...၊ အလန့်တကြားရှိလိုက်တာ။

ငါဘုရားမှာ သိကြားနဲ့တွေ့ခဲ့တယ်ဟ..။

ဟယ်......ဟုတ်လား။ ၀မ်းသာစရာပေါ့တော်၊ ဒါနဲ့ သိကြားမင်း တော့်ကို ဘာစကားတွေများပြောလိုက်သေးလဲ။

ဘာပြောရမှာလဲကွယ်။ ငါက နေ့တိုင်း နေ့တိုင်း နိဗ္ဗာန် မဂ်ဖိုလ်ကို ရက်တိုတိုနဲ့ ရောက်ပါရစေ ဆိုပြီး ဆုတောင်းနေတာ ကြားရလို့ အခုပဲနိဗ္ဗာန်လိုက်ခဲ့ပါဆိုပြီး အတင်းလာခေါ်တာပဲကွဲ့။

ဟယ်.၀မ်းသာစရာ ကောင်းလိုက်တာ။ သိကြားမင်းကတောင်မှ လာခေါ်ရတယ်.။ ဒါနဲ့ တော်ကလိုက်မသွားပဲ အိမ်ပြန်လာရတာတုန်း။

ဟာ....ငါကနိဗ္ဗာန်ကို အခုတစ်ခါတည်းလိုက်သွားသင့် မသွားသင့် မင်းနဲ့ပြန်တိုင်ပင်ချင်လို့ ပြေးလာခဲ့တာပဲကွဲ့။

တော်ကလည်းတော် ....သိကြားမင်းကတောင်မှ လာခေါ်နေပြီပဲ၊ လိုက်သွားရင်ပြီးတာပဲဟာ၊ ဘာတိုင်ပင်စရာ ရှိသေးလို့လည်း။

ငါ မင်းတို့ကို စိတ်ချတာ မဟုတ်ဘူးဟ။

အမလေးတော်... ..တော်ရှိနေတော့ရော အိမ်မှာ ဘယ်လောက် အားကိုးရလို့တုန်း၊ တစ်နေ့ တစ်နေ့ အိမ်အလုပ် မလုပ်ပဲ ဘေးထိုင် ဘုကျ ဘူပြောတဲ့အလုပ်ပဲ တော်လုပ်နေတာ။ ဒီမယားနဲ့ ဒီသားသမီးတွေ ကုန်းရုန်းပြီးအလုပ် လုပ်နေရလို့သာ ထမင်းနပ်မှန်အောင် စားနေရတာ။
ဒါကိုများ ရေးကြီး ခွင်ကျယ် ဘာစဉ်းစားနေစရာ ရှိသေးလို့လဲ တော်ရဲ့၊ တော် ရှိရှိ၊ မရှိရှိ အိမ်မှာတော့ ဘာမှ မထူးပါဘူး။ တော်လိုက်မှာသာ လိုက်သွားစမ်းပါ။

ဟဲ့....နင်တို့ စဉ်းစားနော်၊ တို့မှာက လယ်တွေ မြောင်းတွေ ချောင်းတွေ နွားတွေ စပါးတွေ အများကြီးနဲ့၊ နင် တစ်ယောက်တည်းနဲ့ ဖြစ်ပါ့မလား၊ ငါကနင့်ကို စိတ်မချလို့ပြောနေတာ။

အမလေးတော်....တော်မရှိလည်း သားတွေသမီးတွေ အရွယ် ရောက်နေပြီပဲ၊ တော့အတွက် အနစ်နာခံကြရမှာပေါ့၊ တော်သာ နောက်ကြောင်း အေးအေးနဲ့ ကြွပါ။ အိမ်မှာ ရှင်မရှိရင်လည်း ဖြစ်ပါတယ်။

ဟဲ့...နင်စဉ်းစားနော်၊ ငါကယောက်ျားသား၊ ယောက်ျားသားဆိုတာ ဘာအလုပ်မှ မလုပ်ဘဲနဲ့တောင် အိမ်ခေါင်းရင်းမှာ မိန့်မိန့်ကြီး ထိုင်နေရင်းကို အဟမ်းလို့ချောင်းတစ်ချက်ဟန့်လိုက်ရင် အတော်ကျက်သရေရှိနေပြီ၊ အဲဒါကို နင်စဉ်းစား။

အိုဘာမှ စဉ်းစားစရာမရှိပါဘူး။ တော်သွားမှာသာ စိတ်အေးအေးနဲ့ သွားစမ်းပါ။

အေးလေ ... ဒီကိစ္စမှာ နင်ကမစဉ်းစားဘူးဆိုတော့ ငါ့ဘက်ကပြန်ပြီး ငါ့ဟာငါပဲ စဉ်းစားရတော့မှာပေါ့။

ကဲ...ဘယ့်နှယ်ရှိစ။ နိဗ္ဗာန်မဂ်ဖိုလ်ရက်တိုတိုနဲ့ ရောက်ချင်လှပါရဲ့ဆိုပြီး တစာစာ အော်လို့ ဆုတောင်းနေခဲ့ပေမယ့် တကယ်တမ်း လိုက်ခဲ့ပါဆိုပြီး အတင်းလာခေါ်တာတောင်မှ အိမ်ပြန် တိုင်ပင်ရပါစေဦး ဆိုတာမျိုးတွေ ဖြစ်သွားတတ်ကြတာပါနော်။


အရှင်အာစာရာလင်္ကာရ
အတုမရှိဗုဒ္ဓမြတ်စွာမှ

No comments:

Post a Comment