Wednesday, June 8, 2011

အလယ်အလတ်လမ်း (သို့) မဂ္ဂင်ရှစ်ရပ် လမ်းသွယ်မြတ်

တရားဦးဒေသနာခေါ် ဓမ္မစကြာတရားတော်တွင် မြတ်ဗုဒ္ဓက “အစွန်းနှစ်ပါးကိုရှောင်ပြီး အလယ်အလတ် လမ်းကိုဆောင်ရန်” ဟောကြားတော်မူထား၏။ ကာမဂုဏ်အာရုံများတွင် အလွန်အကျူးလိုက်စားခြင်း အကျင့်နှင့် မိမိကိုယ်ကိုယ် ဆင်းရဲပင်ပန်းစွာ ညှင်းစဲခြင်းအကျင့်ဟူသော အစွန်းနှစ်ပါး အကျင့်တရား လမ်းစဉ်များကို မလိုက်စားဘဲ အစွန်းမရောက်သည့် မှန်ကန်သည့် လမ်းစဉ်ဖြစ်သည့် အလယ်အလတ်လမ်းစဉ်ကို လိုက်နာကျင့်သုံးကြရန် မိန့်တော်မူ၏။ မြတ်ဗုဒ္ဓမိန့်တော်မူသည့် အလယ်အလတ်လမ်းကို မဇ္ဈိမပဋိပဒါလမ်း ဟူ၍ လည်းကောင်း မဂ္ဂင်ရှစ်ရပ် အကျင့်မြတ်ဟူ၍ လည်းကောင်း ခေါ်ဆိုသုံးနှုံးကြ၏။ ဓမ္မစကြာ ဒေသနာတော်တွင် မြတ်စွာဘုရားရှင်ကာ မဇ္ဈိမပဋိပပဒါလမ်းဟူသည် အရိယာသူတော်ကောင်းတို့၏ လျှောက်လမ်းရာ အမြတ်လမ်းသွယ် ဖြစ်သည့် မဂ္ဂင်ရှစ်ပါး အကျင့်တရားပင်ဖြစ်ကြောင်း မိန့်တော်မူ၏။ ဤအင်္ဂါရှစ်ပါးရှိသည့် မဂ်လမ်းကို လျှောက်လှမ်းသူသည် မှန်ကန်ပြီး အစွန်းမရောက်သည့် အလယ်အလတ်လမ်းသို့ လျှောက်လှမ်းနေသူ ဖြစ်ပြီး လွတ်မြောက်ရာအမှန် မြတ်နိဗ္ဗာန်သို့ မျက်မှောက်ပြု ဦးတည်နေသူဖြစ်ကြောင်း ဖွင့်ဆိုရှင်းပြလေ၏။ ထို့ကြောင့် အလယ်အလတ်လမ်း သို့မဟုတ် မဂ္ဂင်ရှစ်ရပ် လမ်းသွယ်မြတ်ကို မှန်ကန်စွာ ကျင့်သုံးလိုသူများသည် မဂ္ဂင်ရှစ်ပါးနှင့် ပြည့်စုံအောင် လိုက်နာကျင့်သုံးရမည်ဟု ဆိုခြင်းဖြစ်ပါ၏။

အလယ်အလတ်လမ်းစဉ် ဖြစ်သည့်အပြင် လွတ်မြောက်ရာအမှန် နိဗ္ဗာန်သို့ သွားရာအကောင်းဆုံး လမ်းသွယ်လည်း ဖြစ်သဖြင့် ဤမဂ္ဂင်ရှစ်ပါးအကြောင်းကို ဗုဒ္ဓရှင်တော်မြတ်သည် အမျိုးမျိုးသော ပရိယာယ်များဖြင့် အမျိုးမျိုးသော ပရိတ်သတ်များအား ဟောကြားပေးခဲ့၏။ ထို့ကြောင့်ပင် ယနေ့ခေတ် ဗုဒ္ဓပိဋကတ်တော်များ၏ ကျမ်းအတော်များများတွင် မဂ္ဂင်ရှစ်ပါးအကြောင်းကို တွေ့နေရခြင်းဖြစ်၏။ သစ္စာလေးပါးတွင်လည်း မဂ္ဂသစ္စာဟူသည် မဂ္ဂင်ရှစ်ပါးပင် ဖြစ်ကြောင်း ဖွင့်ဆိုရှင်းပြတော်မူပြီး ဤမဂ္ဂင်ရှစ်ပါးနှင့် အညီသာ လိုက်နာကျင့်သုံး နေထိုင်သွားလျှင် မဂ္ဂသစ္စာဆိုက်မည် ဖြစ်ကာ မဂ္ဂသစ္စာဆိုက်လျှင် နိရောဓသစ္စာသို့ မျက်မှောက်ပြုမည်ဖြစ်ကြောင်း၊ နိရောဓသစ္စာကို မျက်မှောက်ပြုသူသည် သမုဒယသစ္စာ တဏှာကို အကြွင်းမဲ့ပယ်သတ်ပြီး ဖြစ်ကာ တဏှာကုန်လျှင် ဒုက္ခလည်း ငြိမ်းမည်ဖြစ်သဖြင့် ဒုက္ခသစ္စာကိုလည်း သိပြီးဖြစ်ကြောင်း၊ ထို့ကြောင့် သစ္စာတရားကို ထိုးထွင်း၍ သိရာအမှန် လမ်းစဉ်မြတ်ဖြစ်သည့် မဂ္ဂင်ရှစ်ပါး အကျင့်တရားကို ကျင့်ပွားကြရမည် ဖြစ်ကြောင်း သိစေတော်မူခြင်း ဖြစ်ပါ၏။

ဗုဒ္ဓရှင်တော်မြတ် အထပ်ထပ် မိန့်တော်မူသည် အလယ်အလတ်လမ်းခေါ် မဂ္ဂင်ရှစ်ပါး တရားများမှာ
၁။ သမ္မာဒိဋ္ဌိ = မှန်စွာသိမြင်ခြင်း (Right View)
၂။ သမ္မာသင်္ကပ္ပ = မှန်စွာကြံစည်ခြင်း (Right Thought)
၃။ သမ္မာဝါစာ = မှန်စွာပြောဆိုခြင်း (Right Speech)
၎။ သမ္မာကမ္မန္တ = မှန်စွာပြုလုပ်ခြင်း (Right Action)
၅။ သမ္မအာဇီဝ = မှန်စွာအသက်မွေးခြင်း (Right Lively hood)
၆။ သမ္မာဝါယမ = မှန်စွာအားထုတ်ခြင်း (Right Effort)
၇။ သမ္မာသတိ = မှန်စွာအောက်မေ့ခြင်း (Right Mindfulness)
၈။ သမ္မာသမာဓိ = မှန်စွာတည်ကြည်ခြင်း (Right Concentration) ဟူသော လမ်းစဉ်အင်္ဂါ ရှစ်ပါးပင် ဖြစ်ပါ၏။ ထိုလမ်းစဉ်ရှစ်ပါး၏ တစ်ခုချင်း အဖွင့်ကိုလည်း မြတ်ဗုဒ္ဓက မဟာသတိပဋ္ဌာန သုတ်တွင် အောက်ပါအတိုင်း အကျယ်ဟောကြားတော်မူခဲ့၏။

“ - ရဟန်းတို့ သမ္မာဒိဋ္ဌိသည် အဘယ်နည်း။ ဒုက္ခ၌ သိမြင်ခြင်း၊ ဒုက္ခ၏ဖြစ်ကြောင်း၌ သိမြင်ခြင်း၊ ဒုက္ခ၏ချုပ်ရာ (နိဗ္ဗာန်)၌ သိမြင်ခြင်း၊ ဒုက္ခ၏ချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်းအကျင့်၌ သိမြင်ခြင်းတည်း။ ရဟန်းတို့ ဤသိမြင်ခြင်းကို မှန်စွာသိမြင်ခြင်း သမ္မာဒိဋ္ဌိဟူ၍ ဆိုအပ်၏။

- ရဟန်းတို့ သမ္မာသင်္ကပ္ပသည် အဘယ်နည်း။ (ကာမအာရုံမှ) လွတ်ကင်းသော ကြံစည်ခြင်း၊ ဖျက်စီခြင်းမှ လွတ်ကင်းသော ကြံစည်ခြင်း၊ ညှင်းဆဲခြင်းမှ လွတ်ကင်းသော ကြံစည်ခြင်းတည်း။ ရဟန်းတို့ ဤကြံစည်ခြင်းကို မှန်စွာကြံခြင်း သမ္မာသင်္ကပ္ပဟူ၍ ဆိုအပ်၏။

- ရဟန်းတို့ သမ္မာဝါစာသည် အဘယ်နည်း။ မဟုတ်မမှန်ပြောဆိုခြင်းမှ ရှောင်ကြဉ်ခြင်း၊ ဂုံးတိုက်စကားမှ ရှောင်ကြဉ်ခြင်း၊ ကြမ်းတမ်းသောစကားမှ ရှောင်ကြဉ်ခြင်း၊ ပြိန်ဖျင်းသောစကားမှ ရှောင်ကြဉ်ခြင်းတည်း။ ရဟန်းတို့ ဤရှောင်ကြဉ်ခြင်းကို မှန်စွာပြောဆိုခြင်း သမ္မာဝါစာဟူ၍ ဆိုအပ်၏။

- ရဟန်းတို့ သမ္မာကမ္မန္တသည် အဘယ်နည်း။ အသက်ကိုသတ်ခြင်းမှ ရှောင်ကြဉ်ခြင်း၊ မပေးသည်ကို ယူခြင်းမှ ရှောင်ကြဉ်ခြင်း၊ ကာမဂုဏ်တို့၌ မှားယွင်းစွာကျင့်ခြင်းမှ ရှောင်ကြဉ်ခြင်းတည်း။ ရဟန်းတို့ ဤရှောင်ကြဉ်ခြင်းကို မှန်စွာပြုလုပ်ခြင်း သမ္မာကမ္မန္တဟူ၍ ဆိုအပ်၏။

- ရဟန်းတို့ သမ္မာအာဇီဝသည် အဘယ်နည်း။ ရဟန်းတို့ ဤသာသနာတော်၌ အရိယာဖြစ်သော တပည့်သည် မှားယွင်းစွာ အသက်မွေးခြင်းကို ပယ်စွန့်၍ မှန်စွာအသက်မွေးခြင်းဖြင့် အသက်မွေး၏။ ရဟန်းတို့ ဤအသက်မွေးခြင်းကို မှန်စွာအသက်မွေးခြင်း သမ္မာအာဇီဝဟူ၍ ဆိုအပ်၏။

- ရဟန်းတို့ သမ္မာဝါယာမသည် အဘယ်နည်း။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် မဖြစ်သေးသော ယုတ်မာသော အကုသိုလ်တရားတို့ကို မဖြစ်ပေါ်စေရန် ဆန္ဒကို ဖြစ်စေ၏၊ အားထုတ်၏၊ လုံ့လပြု၏၊ စိတ်ကို ချီးမြှောက်၏၊ ဆောက်တည်၏။ ဖြစ်ပြီးသော ယုတ်မာသော အကုသိုလ်တရားတို့ကို ပယ်ရန် ဆန္ဒကို ဖြစ်စေ၏၊ အားထုတ်၏၊ လုံ့လပြု၏၊ စိတ်ကို ချီးမြှောက်၏၊ ဆောက်တည်၏။ မဖြစ်သေးသော ကုသိုလ်တရားတို့ကို ဖြစ်စေရန် ဆန္ဒကို ဖြစ်စေ၏၊ အားထုတ်၏၊ လုံ့လပြု၏၊ စိတ်ကို ချီးမြောက်၏၊ ဆောက်တည်၏။ ဖြစ်ပြီးသော ကုသိုလ်တရားတို့ တည်မြဲစေရန် မပျောက်ပျက်စေရန် တိုးတက်ဖြစ်ပွားစေရန် ပြန့်ပြောစေရန် ပွားများမှု ပြည့်စုံစေရန် ဆန္ဒကို ဖြစ်စေ၏၊ အားထုတ်၏၊ လုံ့လပြု၏၊ စိတ်ကို ချီးမြောက်၏၊ ဆောက်တည်၏။ ရဟန်းတို့ ဤအားထုတ်ခြင်းကို မှန်စွာအားထုတ်ခြင်း သမ္မာဝါယာမဟူ၍ ဆိုအပ်၏။

- ရဟန်းတို့ သမ္မာသတိသည် အဘယ်နည်း။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ပြင်းစွာအားထုတ်သော လုံလရှိသည်ဖြစ်၍ သမ္ပဇဉ်ဉာဏ်ရှိသည်ဖြစ်၍ အောက်မေ့ခြင်း သတိရှိသည်ဖြစ်၍ ဥပါဒါနက္ခန္ဓာလောက၌ လိုချင်တပ်မက်ခြင်း အဘိဇ္ဈာ နှလုံးမသာယာခြင်း ဒေါမနဿကို ပယ်ဖျောက်၍ ရုပ်အပေါင်း၌ ရုပ်အပေါင်းကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏။ ပြင်းစွာအားထုတ်သော လုံလရှိသည်ဖြစ်၍ သမ္ပဇဉ်ဉာဏ် ရှိသည်ဖြစ်၍ အောက်မေ့ခြင်း သတိရှိသည်ဖြစ်၍ ဥပါဒါနက္ခန္ဓာလောက၌ လိုချင်တပ်မက်ခြင်း အဘိဇ္ဈာ နှလုံးမသာယာခြင်း ဒေါမနဿကို ပယ်ဖျောက်၍ ဝေဒနာတို့၌ ဝေဒနာတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏။ ပြင်းစွာအားထုတ်သော လုံလရှိသည်ဖြစ်၍ သမ္ပဇဉ်ဉာဏ်ရှိသည်ဖြစ်၍ အောက်မေ့ခြင်း သတိရှိသည်ဖြစ်၍ ဥပါဒါနက္ခန္ဓာလောက၌ လိုချင်တပ်မက်ခြင်း အဘိဇ္ဈာ နှလုံးမသာယာခြင်း ဒေါမနဿကို ပယ်ဖျောက်၍ စိတ်၌ စိတ်ကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏။ ပြင်းစွာအားထုတ်သော လုံလရှိသည်ဖြစ်၍ သမ္ပဇဉ်ဉာဏ် ရှိသည်ဖြစ်၍ အောက်မေ့ခြင်း သတိရှိသည်ဖြစ်၍ ဥပါဒါနက္ခန္ဓာလောက၌ လိုချင်တပ်မက်ခြင်း အဘိဇ္ဈာ နှလုံးမသာယာခြင်း ဒေါမနဿကို ပယ်ဖျောက်၍ သဘောတရားတို့၌ သဘောတရားတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏။ ရဟန်းတို့ ဤအောက်မေ့ခြင်း သတိကို မှန်စွာအောက်မေ့ခြင်း သမ္မာသတိဟူ၍ ဆိုအပ်၏။

- ရဟန်းတို့ သမ္မာသမာဓိသည် အဘယ်နည်း။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ကာမဂုဏ်တို့မှ ကင်း၍သာလျှင်ဖြစ်သော အကုသိုလ်တရားတို့မှ ကင်း၍သာလျှင်ဖြစ်သော ၀ိတက်နှင့်တကွဖြစ်သော ၀ိစာရာနှင့်တကွ ဖြစ်သော နီဝရဏကင်းခြင်းကြောင့်ဖြစ်သည့် ပီတိသုခရှိသော ပထမဈာန်သို့ ရောက်၍နေ၏။ ၀ိတက်ဝိစာရ ငြိမ်းခြင်းကြောင့် မိမိသန္တာန်၌ စိတ်ကိုကြည်လင်စေတတ်သော သမာဓိကို ပွားစေတတ်သော ၀ိတက်လည်းမရှိသော ၀ိစာရလည်း မရှိသော သမာဓိကြောင့်ဖြစ်သည့် ပီတိသုခရှိသော ဒုတိယဈာန်သို့ရောက်၍နေ၏။ ပီတိ၏လည်း ကင်းခြင်းကြောင့် အမျှရှုလျက် ဆင်ခြင်လျက်နေ၏။ သုခကိုလည်း ကိုယ်ဖြင့်ခံစား၏။ အကြင် (တတိယဈာန်)ကြောင့် ထိုသူကို “အမျှရှုသူ သတိရှိသူ ချမ်းသာစွာာ နေလေ့ရှိသူ”ဟု အရိယာပုဂ္ဂိုလ်တို့သည် ချီးမွမ်းပြောဆိုကုန်၏။ ထိုတတိယဈာန်သို့ ရောက်၍နေ၏။ ချမ်းသာဆင်းရဲကို ပယ်ခြင်းကြောင့်လည်းကောင်း၊ ရှေးဦးကပင် ၀မ်းသာခြင်း နှလုံးမသာခြင်းတို့၏ ချုပ်ခြင်းကြောင့် လည်းကောင်း၊ ဆင်းရဲချမ်းသာ ကင်းသော(ဥပေက္ခာ)ကြောင့် သတိ၏ စင်ကြယ်ခြင်းရှိသော စတုတ္ထဈာန်သို့ ရောက်၍နေ၏။ ရဟန်းတို့ ဤသမာဓိကို မှန်စွာတည်ကြည်ခြင်း သမ္မာသမာဓိဟူ၍ ဆိုအပ်၏။ ” ဤကား မဟာသတိပဋ္ဌာနသုတ်၊ ဓမ္မာနုပဿနာအဖွင့်တွင် မြတ်ဗုဒ္ဓဖွင့်ဆို ရှင်းပြတော်မူသည့် မဂ္ဂင်ရှစ်ပါး ဖွင့်ဆိုချက်များပင် ဖြစ်ပါ၏။

ထိုဖွင့်ဆိုချက်များအရ အလယ်အလတ်လမ်းကို လျှောက်လှမ်းသည်ဟူသည်မှာ အထက်ပါ အင်္ဂါရပ်များနှင့်အညီ ကျင့်သုံးနေထိုင်ခြင်းပင်ဖြစ်ကြောင်း နားလည်သဘောပေါက် နိုင်မည်ဖြစ်၏။ သို့ဆိုလျှင် ကိလေသာများ ထူပြောလှသည့် ပုထုဇဉ်များ အနေဖြင့် နေ့စဉ်ဘ၀ လှုပ်ရှားမှုများတွင် ထိုဖွင့်ဆိုချက်များနှင့် အညီနေထိုင်နိုင်ရန်မှာ လွယ်ကူလှသည့် အလုပ်မဟုတ်လှပေ။ မဂ္ဂင်ရှစ်ပါးနှင့်အညီ နေထိုင်နိုင်ရန်မှာ မဖြစ်နိုင်သည့် သဘောတွင် ရှိနေပေ၏။ သို့သော် ဖြစ်နိုင်သည့်နည်း တစ်ခုကား ရှိ၏။ ထိုနည်းကား ၀ိပဿနာတရား အားထုတ်၍ နေခြင်းပင်ဖြစ်၏။ ၀ိပဿနာ တရားအားထုတ်နေသူသည် မဂ္ဂင်ရှစ်ပါးနှင့်အညီ နေထိုင်နေသူ၊ အလမ်းအလတ်လမ်းကို လျှောက်လှမ်းနေသူဟု ဆိုနိုင်ပေ၏။ အကြောင်းကား ၀ိပဿနာတရား အားထုတ်ခြင်းဖြင့် သတိတရားကို မလွတ်တမ်း ထိန်းချုပ်နေနိုင်ခြင်းကြောင့်ပင် ဖြစ်ပါ၏။

မှန်၏။ သတိဟူသည် ပိုသည်မရှိ လိုသည်သာ ဖြစ်၏ဟု ဆိုသကဲ့သို့ သတိတရားကို မလွတ်တမ်း ထိန်းသိမ်း စောင့်ရှောက် နေသူသည်လည်း အရာရာတွင် သတိရှိနေသဖြင့် အမြင်မှားသည်၊ အတွေးမှားသည်၊ အပြောမှားသည် စသည်ဖြင့် ရှိနိုင်မည် မဟုတ်လှပေ။ ထိုသို့ သတိဖြင့် နေထိုင်နေသမျှ မဂ္ဂင်ရှစ်ပါးနှင့်လည်း ပြည့်စုံနေသည်သာ ဖြစ်နေပေ၏။ ဥပမာအားဖြင့် သတိတရားဖြင့် အာနာပါနခေါ် ထွက်သက်ဝင်သက်ကို မလွတ်တမ်း သိမှတ်ရှုမှတ်နေသူ ယောဂီအား ၀င်လေထွက်လေ အစအဆုံးကို မလွတ်တမ်း သိနေသည့်အခါ စိတ်အစဉ်သည် အပြင်မရောက်ဘဲ ခန္ဓာကိုယ်နှင့် စိတ်တွင်သာ ရှိနေသဖြင့် ထွက်လေ၀င်လေ တစ်မှတ်ရတိုင်း မဂ္ဂင်ရှစ်ပါး အကျင့်တရားနှင့် ပြည့်စုံညီညွတ်နေမည်သာ ဖြစ်၏။ အမှတ်မလွတ်ဘဲ နေနေသဖြင့် အမြင်လည်းမှန်နေ၊ အကြံအစည်လည်းမှန်နေ၊ အပြောအဆိုလည်း မှန်နေ၊ အလုပ်အကိုင်လည်းမှန်နေ၊ အသက်မွေးမှုလည်းမှန်နေ၊ လုံလအားထုတ်မှုလည်းမှန်နေ၊ အောက်မေ့သတိရှိမှုလည်းမှန်နေ၊ တည်ကြည်မှုလည်း မှန်နေမည်သာဖြစ်၏။ သတိဖြင့် ၀င်လေထွက်လေကို ရှုမှတ်နေသမျှ ရှူထုတ်တိုင်း ရှူသွင်းတိုင်း မဂ္ဂင်ရှစ်ပါး ဆိုက်နေမည်သာ ဖြစ်၏။ ထို့ကြောင့် အခြားအချိန်တွင် မဂ္ဂင်ရှစ်ပါးနှင့် အညီနေနိုင်ရန် မဖြစ်နိုင်သော်လည်း သတိရှိရှိနှင့် တရားအားထုတ်နေသည့် အချိန်သည်ကား မဂ္ဂင်ရှစ်ပါးနှင့်အညီ နေထိုင်နေကြသည်သာ ဖြစ်ကြောင်း ဆိုခြင်းဖြစ်ပြီး အလယ်အလတ်လမ်းကို လျှောက်လှမ်းလိုသူများသည် တရားအားထုတ်ကြရမည်သာ ဖြစ်ကြောင်းလည်း တိုက်တွန်းကြခြင်း ဖြစ်၏။

ဤ၌ အထူး သတိပြုရမည်မှာ အလယ်အလတ်လမ်းကို လျှောက်လှမ်းနိုင်ရန်အတွက် တရားအားထုတ်ရမည်ဟု ဆိုသဖြင့် နေ့စဉ်စားဝတ်နေရေးများကို ပစ်ပြီး တရားရိပ်သာသွားကာ တရားပဲအားထုတ် နေရမည်လားဟု စောဒကတက်ဖွယ် ဖြစ်နေပေ၏။ ထိုသို့မဟုတ်။ တရားအားထုတ်သည် ဟူသည်မှာ ရိပ်သာသွားပြီး အားထုတ်နိုင်မှ တရားအားထုတ်သည်မဟုတ်။ မိမိတို့၏ နေ့စဉ်နေထိုင် လှုပ်ရှားနေသည့် လှုပ်ရှားမှုများတွင်ပင် သတိတရားဖြင့် မလွတ်တမ်း လိုက်လိုက်သိမှတ် ပေးနေလျှင်ပင် တရားအားထုတ်သည်ဟု ဆိုနိုင်ပေ၏။ ရုပ်တရားနှင့် စိတ်တွင်ဖြစ်ပေါ်နေသည့် လှုပ်ရှားမှုများ၊ ခံစားမှုများ၊ အတွေးအကြံများကို ဖြစ်စဲဖြစ်ခိုက် ပေါ်စဲပေါ်ခိုက်များတွင် အရှိအတိုင်း လိုက်လိုက်ပြီး သိပေးနေလျှင်ပင် သတိရှိနေပြီး တရားအားထုတ်နေသည်သာ ဖြစ်သဖြင့် နေ့စဉ်လှုပ်ရှားရင်းဖြင့်ပင် တရားအားထုတ်နိုင်အောင် ကြိုးစားကာ အလယ်အလတ်လမ်းကို လျှောက်လှမ်းကြည့်ရန် တိုက်တွန်းတော်မူခြင်း ဖြစ်ပါ၏။

သို့ဖြစ်၍ ဗုဒ္ဓဘာသာတွင် အထူးပြု ပြောဆိုဟောပြောထားသည့် အလယ်အလတ်လမ်း သို့မဟုတ် မဂ္ဂင်ရှစ်ရပ် လမ်းသွယ်မြတ်ကို လျှောက်လမ်းလိုသူများသည် အခြားအခြား သာမန်အချိန်များတွင် ထိုလမ်းစဉ်အတိုင်း နေထိုင်နိုင်ရန်မှာ မလွယ်လှသဖြင့် အလွယ်ဆုံးနည်းဖြစ်သည့် မည်သို့သောအချိန်၊ မည်သို့သော နေရာတွင် မည်သို့သော ပုံစံများဖြင့် ရှိနေစေကာမှု ထိုနေ့စဉ် လှုပ်ရှားမှုများတွင်ပင် အမှတ်သတိ မပြတ်ရှိပြီး စိတ်နှင့်ရုပ်တွင် ဖြစ်ပေါ်နေသည့် ကိုယ်အမူအရာ၊ နှုတ်အမူအရာ၊ စိတ်အမူအရာများ၏ ဖြစ်စဲဖြစ်ခိုက် ပေါ်စဲပေါ်ခိုက်ကို မလွတ်တမ်း လိုက်လိုက်သိပေးနေသည့် တရားအားထုတ်နည်းကို အသုံးပြု၍ မဂ္ဂင်ရှစ်ပါးနှင့်အညီ နေထိုင်ရန်သာ ကြိုးစားရမည်ဖြစ်ကြောင်း၊ ဤသို့နေထိုင်နိုင်ခြင်းသည် အလယ်အလတ်လမ်းကို လျှောက်လှမ်းနေခြင်းဖြစ်ကြောင်း တင်ပြရင်း မဂ္ဂင်ရှစ်ရပ် လမ်းစဉ်မြတ်၏ အရေးပါးမှု၊ လိုအပ်မှုကို ဓမ္မအနှစ်သာရ တစ်ခုအဖြစ် နှစ်သက်မှုတစ်ခု ပြုလိုက်ရပါသည်။

No comments:

Post a Comment