Friday, June 10, 2011

အကျိုးပေးစဉ်(ပါကဒါန)အရ ကံလေးမျိုး

ကံတရားသည် အကျိုးပေးစဉ်အရ လေးမျိုးရှိသည်။ ၎င်းတို့မှာ ဂရုကကံ၊ အာသန္နကံ၊ အာစိဏ္ဏကံ၊ ကဋတ္တာကံ တို့ဖြစ်ကြသည်။


ဂရုက ကံ

ဂရုကကံ ဟူသည်မှာ ကုသိုလ် အကုသိုလ် နှစ်မျိုးလုံးနှင့်ဆိုင်၍ စုတိ၏အခြားမဲ့ သေလွန်ပြီးသည့် နောက်၌ မလွဲမသွေ အကျိုးပေးနိုင်လောက်အောင် အင်အားကြီးသော ကံဖြစ်သည်။ ကုသိုလ်အရာတွင် အင်အားကြီးမားကြကုန်သော ဈာန်တရားများ(မဟဂ္ဂုတ်ကံ) နှင့် အကုသိုလ် အရာတွင် အပြစ်ကြီးမားကြကုန်သော အာနန္တ ရိယကံ (ဘ၀မခြား အကျိုးပေးသော ကံ)၊ နိယတမိစ္ဆာဒိဋ္ဌိကံ (ကိန်းသေပေါက်) ငရဲရောက်စေနိုင်သောကံများ ဖြစ်ကုန်၏။

ကုသိုလ်အရာ၌ မဟဂ္ဂုတ်ကံခေါ်ဆိုရသော ဈာန်တရားသည် ပထမဈာန်၊ ဒုတိယဈာန်၊ တတိယဈာန်၊ စတုတ္ထဈာန်၊ ပဉ္စမဈာန် ဟူ၍ ရူပကုသိုလ်ဈာန်ငါးပါး၊ အာကာသာနဉ္စာယတနဈာန်၊ ၀ိညာဏဉ္စာယတနဈာန်၊ အာကိဉ္စညာယတနဈာန်၊ နေ၀သညာနာသညာယတနဈာန် ဟူ၍ အရူပကုသိုလ် ဈာန်လေးပါးအားဖြင့် စုစုပေါင်း ၉-ပါး ရှိသည်။ ထိုဈာန်တရားကိုရသော သူသည် ဈာန်လက်ရှိဖြင့် ဤဘ၀မှ စုတေကွယ်လွန်သောအခါ ဧကန်ပင် ဗြဟ္မာ့ပြည်၌ ဖြစ်ရမည်။ ကုသိုလ်အရာ၌ စွမ်းအင်ကြီးမားသော ကံတရားပင်ဖြစ်၍ ကုသိုလ်ဂရုကကံဟု ခေါ်သည်။

အကုသိုလ်အရာ၌ အာနန္တရိယကံငါးပါးနှင့် နိယတမိစ္ဆာဒိဋ္ဌိကံတို့သည် ဂရုကကံများ ဖြစ်ကြကုန်၏။ အာနန္တရိယကံဆိုသည်မှာ သေသည်မှ အခြားမဲ့ ဒုတိယဘ၀၌ ငရဲတွင် အကျိုးပေးလေ့ရှိသော ကံဖြစ်သည်။
 

ထိုအာနန္တရိယကံသည် မာတုဃာတက (အမိကို သတ်မူ) ပိတုဃာတက(အဘကိုသတ်မူ) အရဟန္တ ဃာတက(ရဟန္တာကို သတ်မူ) လောဟိတုပ္ပါဒက(ဘုရားရှင်၌ သွေးစိမ်းတည်အောင်ပြုမူ) သံဃဘေဒက (သံဃာချင်း ကွဲပြားအောင် သင်းခွဲမူ) ဟူ၍ ငါးမျိုးရှိသည်။ ငါးမျိုးရှိသဖြင့် ပဉ္စာနန္တရိယကံ ဟုလည်းခေါ်သည်။

အမိအဘမှန်းသိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ သေစေလိုသောစိတ်ဖြင့် သတ်လျှင် ကံကြီးထိုက်သည်။ မိဘက တိရစ္ဆာန်ဖြစ်လျှင်(သို့မဟုတ်) မိမိက တိရစ္ဆာန်ဖြစ်လျှင် အာနန္တရိယကံမထိုက်သော်လည်း ထိုကံလောက်နီးနီး အပြစ်ကြီးလှသည်။ ရဟန္တာသတ်မူ၊ ဘုရားရှင်အား သွေးစိမ်းတည်အောင် ပြုမူတို့သည်လည်း ကံကြီးများ ဖြစ်ကြသည်။

သံဃာအချင်းချင်း ကွဲပြားအောင်(နှစ်စုခွဲ၍ တပြိုင်နက် ကံပြုအောင်) အားထုတ်စီမံ၍ အထမြောက်လျှင် အားထုတ်သူသည် သံဃဘေဒက ကံထိုက်သည်။ ထိုကံသည် ရဟန်းသံဃာနှင့်သာ သက်ဆိုင်သည်။ သံဃာ အချင်းချင်းကွဲပြားအောင် အားထုတ်မူကို သံဃဘေဒကကံဟု ဆိုသည့်အတိုင်း ရပ်ရွာနယ်ပယ်တို့၌ သံဃာတော်အချင်းချင်းကွဲပြားအောင် ကြံဆောင် အားထုတ်သော လူသာမဏေတို့သည်လည်း အကုသိုလ်ကြီးမား လှသဖြင့် သတိပြုသင့်ကြ၏။

ဤပဉ္စာနန္တရိယကံ (၅)ပါးတွင် တပါးပါးကို ကျူးလွန်မိလျှင် သေသည်၏ အခြားမဲ့၌ အ၀ီစိငရဲသို့ ကျရောက်မည်။ ဤကံငါးပါးတွင် သံဃဘေဒကကံသည် အပြစ်ကြီးဆုံးဖြစ်သည်။ အ၀ီစိငရဲ၌ အားယကပ်ပတ်လုံး အ၀ီစိငရဲဘုံသက်နှင့် အညီအမျှ ခံရသော (ကပ္ပဋ္ဌိက) ကံကြီးဖြစ်သည်။ လောဟိတုပ္ပါဒကကံတွင် ဘုရားစေတီများကို ဖျက်ဆီးခြင်း ဗောဓိညောင်ပင်ဖျက်ဆီးခြင်း စသည်တို့သည်လည်း ဘုရားရှင်အား သွေးစိမ်းတည်အောင် ပြုလုပ်သောကံကြီးနှင့် အလားတူအပြစ် ကြီးလှသည်။

သံဃဘေဒက လောဟိတုပ္ပါဒက အရဟန္တဃာတက မာတုဃာတက ပိတုဃာတကကံတို့သည် အစဉ်အတိုင်း အပြစ်ကြီးလေးကြ၏။ မာတုဃာတကကံ ပိတုဃာတကကံ နှစ်ပါးလုံးကို ပြုမိရာ မိဘနှစ်ဦးသီလရှိခြင်း၊ မရှိခြင်းတူလျှင် မာတုဃာတကကံက အကျိုးပေး၏။ အဘက အမိထက် သီလအကျင့် သာနေပါမူ ပိတုဃာတကကံက အကျိုးပေး၏။ နိယတမိစ္ဆာဒိဋ္ဌိခေါ် မိစ္ဆာအယူမှားကို ထာဝရစွဲမြဲနေသူသည်လည်း သေသည်နောက် ငရဲရောက်ရမည် ဧကန်ဖြစ်သည်။


အာသန္န ကံ

သေခါနီးကာလ၌ အောက်မေ့အပ် ပြုအပ်သော ကံသည် အာသန္နကံ မည်၏။ အချို့သော ကုသိုလ် အကုသိုလ်ကံ တို့ကို မသေမီ အချိန် အတော်ဝေးဝေးကာလက ပြုခဲ့ပြီးနောက် သတိမရဘဲ နေခဲ့ပြီး သေခါနီးမှ ထိုကံများကို ပြန်လည် သတိရလာတတ်၏။ ထိုကံသည် ခပ်စောစောက ပြုသောကံ ဖြစ်စေကာမူ သေခါနီး၌ သတိရ အောက်မေ့ဖြစ်ပေါ်လာသော ကံဖြစ်၍ အာသန္နကံမည်၏။ သေခါနီး ကာလ၌ ပြုကြသော တရားနာခြင်း၊ အလှူဒါနပြုခြင်း၊ သီလဆောက်တည်ခြင်း၊ ဘာဝနာကမ္မဋ္ဌာန်း စီးဖြန်းခြင်းစသော ကုသိုလ်ကံ၊ ရိုက်ပုတ်သတ်ဖြတ်ခြင်းစသော အကုသိုလ်ကံများသည်လည်း အာသန္နကံများ ဖြစ်ကြ၏။ သေခါနီးတွင် ပြုလုပ်သော ကုသိုလ် အကုသိုလ် ကံများအားလုံးသည် အာသန္နကံများ ဖြစ်ကြ၏။


အာစိဏ္ဏ ကံ

အမြဲမပြတ်လေ့ကျက်ထုံပွားထားသော ကံသည် အာစိဏ္ဏကံမည်၏။ အကုသိုလ်အရာ၌ သူ့အသက်သတ်၍ သူ့ဥစ္စာခိုး၍ အစဉ်အမြဲအသက်မွေးမူ၊ ကုသိုလ်အရာ၌ အမြဲထာဝရ ဒါနမူ၊ သီလစောင့်မူ၊ ကမ္မဋ္ဌာန်းစီးဖြန်းမူ၊ စာပေအရေးအသား ဟောပြောမူ စသည်ဖြင့် အမြဲမပြတ် လေ့ကျင့်ပွားများ စေအပ်သော ကံများသည် အာစိဏ္ဏကံမည်၏။ အကုသိုလ်မူ တစ်ခုခုပြုပြီးနောက် အမြဲသတိရနေမူ၊ နောင်တတဖန် ပူပန်မူ၊ စိတ်နှလုံးမသာယာမူတို့ ထပ်ခါထပ်ခါ တိုးပွားနေလျှင်လည်းအာစိဏ္ဏကံ မည်၏။ အကုသိုလ်မူ တစ်ခုခုပြုပြီးနောက် အမြဲသတိရနေမူ၊ နောင်တတဖန် ပူပန်မူ၊ စိတ်နှလုံးမသာယာမူတို့ ထပ်ခါထပ်ခါ တိုးပွားနေလျှင်လည်း အာစိဏ္ဏကံ ဖြစ်၏။ ထို့အတူ ကုသိုလ်တစ်ခုခုကို ပြုလုပ်ပြီးနောက် အမြဲသတိရ ၀မ်းသာနေမူသည်လည်း အာစိဏ္ဏကံမည်၏။

အာစိဏ္ဏကံသည် ပင်ကိုသဘောအားဖြင့် အာသန္နကံထက် အားရှိသော်လည်း သေသည့်နောက်ဘ၀၌ ပဋိသန္ဓေကျိုးပေးရာဝယ် မရဏာသန္နဇောဝီထိနှင့် နီးကပ်နေသောကြောင့် အာသန္နကံသာလျှင် သာလွန်၍ အရေးပါ အရာရောက်၏။ နွားကျောင်းသားတစ်ဦးသည် ခြံတွင်းသို့ နွားများကို ညနေတွင် သွင်းသည်။ အင်အားချိနဲ့သည့် နွားအိုကြီးတစ်ကောင်မှာ နောက်ကျ၍ ခြံတံခါးဝနား၌ အိပ်ရ၏။ နံနက်စောစော နွားခြံကို ဖွင့်သည်အခါ နွားပျိုများမှာ အားခွန်ဗလကောင်းကြသော်လည်း ခြံအတွင်းဘက်ရောက်နေ၍ ရှေးဦးစွာ မထွက်နိုင်ဘဲ ခြံတံခါးဝနှင့် နီးသော နွားအိုကြီးကသာ ရှေးဦးစွာထွက်ရ၏။ ထိုအတူ အာစိဏ္ဏကံမှာ အားကောင်းသော်လည်း အာသန္နကံက သေခါနီး ကာလမှာဖြစ်သော စုတေစိတ်နှင့် နီးကပ်နေသည့်အတွက် ရှေးဦးစွာ အကျိုးပေးခြင်းဖြစ်သည်။ မရဏာသန္နဇော၌ ကံ ကမ္မနိမိတ် ဂတ်နိမိတ် သုံးမျိုးတွင် တစ်ခုခုသည် ပဋိသန္နေကျိုးပေးမည့်ကံ၏ အစွမ်းသတ္တိကြောင့် ထင်လာမြဲဖြစ်သည်။ ထိုထင်လာသောကံသည် ပဋိသန္နေကျိုးပေးရတော့သည်။ ဤကဲ့သို့ မရဏာသန္နဇော၌ အာရုံနိမိတ် တစ်မျိုးမျိုးထင်စေဖို့ ကိစ္စကိုလည်း ထိုဇောနှင့် နီးကပ်သော အာသန္နကံကသာ ဆောင်ရွက်ပေးနိုင်သည်။
ရှေးရှေးဘ၀တို့၌ ပြုလုပ်ခဲ့သော ကံကို လည်းကောင်း၊ ယခုဘ၀၌ ပြုလုပ်သော ကံများတွင်လည်း ဂရုကကံ အာသန္နကံ အာစိဏ္ဏကံ အခြေအနေသို့ မရောက်တတ်ဘဲ ထိုကံသုံးမျိုးမှ လွတ်သော ကံများကိုလည်းကောင်း ကဋတ္တာကံဟု ခေါ်သည်။ ထိုကံမှာ ယခုဘ၀ပြုလုပ်မူ ကံများနှင့် အတိတ်ဘ၀များက ပြုလုပ်ခဲ့သော ကံများဖြစ်၍ မည်သူမျှ ကဋတ္တာကံနှင့် မကင်းကြပေ။ ဂရုကကံစသည်မရှိလျှင် ကဋတ္တာကံကပင် ပဋိသန္ဓေကျိုးကို ပေးနိုင်သည်။


ကဋတ္တာ ကံ

ရှေးရှေးဘ၀တို့၌ ပြုလုပ်ခဲ့သော ကံကို လည်းကောင်း၊ ယခုဘ၀၌ ပြုလုပ်သောကံများတွင်လည်း ဂရုကကံ အာသန္နကံ အာစိဏ္ဏကံ အခြေအနေသို့ မရောက်တတ်ဘဲ ထိုကံသုံးမျိုးမှ လွတ်သော ကံများကိုလည်းကောင်း ကဋတ္တာကံဟု ခေါ်သည်။ ထိုကံမှာ ယခုဘ၀ပြုလုပ်မူ ကံများနှင့် အတိတ်ဘ၀များက ပြုလုပ်ခဲ့သော ကံများဖြစ်၍ မည်သူမျှ ကဋတ္တာကံနှင့် မကင်းကြပေ။ ဂရုကကံစသည် မရှီလျှင် ကဋတ္တာကံကပင် ပဋိသန္ဓေကျိုးကို ပေးနိုင်သည်။



တောကူးကူးလေး
[Reference: Myanmar Friends Day Website]

No comments:

Post a Comment