တိဟိတ်ဟူသည်မှာ အလှူဒါနပြုလုပ်သောအခါလှူဖွယ်ပစ္စည်း ၀တ္ထုများနှင့် ပတ်သက်၍ နှမြောတွယ်တာ တပ်မက်မူမရှိဘဲ စွန့်လှူလျှင် အလောဘဟိတ် ဖြစ်သည်။ မိမိအလှူနှင့် ပတ်သက်၍ စိတ်ချမ်းသာ ကြည်လင်ရွှင်ပျနေမူ အလှူခံပုဂ္ဂိုလ်များအပေါ် မေတ္တာထားမူတို့သည် အဒေါသဟိတ် ဖြစ်သည်။ မိမိပြုလုပ်သော ကုသိုလ်ကံနှင့် ကုသိုလ်ကံ၏ အကျိုးတရားများကို ယုံကြည်သိမြင်မူ အသိဉာဏ်ရှိလျှင် အမောဟဟိတ် ဖြစ်သည်။ အလှူကို လှူဆဲ သီလကို ဆောက်တည်ဆဲ ဘာဝနာကို ပွားများဆဲ ပြုလုပ်ဆဲအခိုက်တွင် ဤဒါန သီလ ဘာဝနာအမှူသည် ဧကန်မုချအကျိုးရှိသည်ဟု ကမ္မဿကတာဉာဏ်ဖြင့် သိမြင်မူမရှိဘဲ (အသိဉာဏ်မပါဘဲ) မိရိုးဖလာအနေ သာမန်လုပ်ရိုး လုပ်စဉ် အနေဖြင့် ပြုလုပ်လျှင် အလောဘဟိတ် အဒေါသဟိတ် နှစ်မျိုးရှိ၍ ဒွိဟိတ်ကုသိုလ်ကံ ဖြစ်သည်။
အလှူမလှူခင် အချိန်က အလှူနှင့် ပတ်သက်၍ စိတ်ပူပန်မူ စိတ်မချမ်းသာမူ “ငါလှူလိုက်ရတာ မှားလေခြင်း” စသည်ဖြင့် နောင်တ တဖန် ပူပန်ခြင်း စသော အကုသိုလ်များ ဖြစ်နေခြင်းဖြင့် ရှေ့နောက် အကုသိုလ်စိတ်များ ခြံရံနေလျှင် ထိုကုသိုလ်သည် “သြမကကုသိုလ်” အညံ့စားကုသိုလ် ဖြစ်သွားသည်။ “တိဟိတိ သြမက” တိဟိတ်အညံ့စားကုသိုလ်၊ “ဒွိဟိတ်သြမက” ဒွိဟိတ်အညံ့စား ကုသိုလ်တို့ ဖြစ်ကြသည်။
အလှူကို မလှူခင် သီလ ဘာဝနာအမူကို မပြုခင် ရှေးကာလတွင် ဒါန သီလ ဘာဝနာနှင့် ပတ်သက်၍ ၀မ်းမြောက်ဝမ်းသာ တက်ကြွရွင်လန်းစွာ ပြုလုပ်နေလျှင်၊ ဒါန သီလ ဘာဝနာကိစ္စ ပြီးဆုံးသည့် နောက်ကာလ၌လည်း မိမိ၏ပြုလုပ်မူတို့ကို ၀မ်းမြောက်ဝမ်းသာ ကြည်နူးကျေနပ်နေလျှင် ထပ်ခါထပ်ခါ သတိရ အောက်မေ့နေလျှင် ရှေ့နောက်ကုသိုလ်စိတ်များ ခြံရံနေသဖြင့် “ဥက္ကဋ္ဌကုသိုလ်” အမြတ်စားကုသိုလ်ဟု ခေါ်သည်။ “တိဟိတ် ဥက္ကဋ္ဌကုသိုလ်” တိဟိတ်အမြတ်စားကုသိုလ်ဟု ခေါ်သည်။ “တိဟိတ် ဥက္ကဋ္ဌကုသိုလ်” တိဟိတ်အမြတ်စား ကုသိုလ်၊ “ဒွိဟိတ် ဥက္ကဋ္ဌ ကုသိုလ်” ဒွိတ်အမြတ်စား ကုသိုလ်တို့ ဖြစ်ကြသည်။
တိဟိတ် ဥက္ကဋ္ဌကုသိုလ်ကံကြောင့် လူ့ပြည် နတ်ပြည်တို့၌ တိဟိတ် ပုဂ္ဂိုလ်များ ဖြစ်ရသည်။ အထက်တန်းစား လူနတ်များ ဖြစ်ကြရပြီး ဘ၀သမ္ပတ္တိနှင့် ပြည့်စုံရသည်။ အထက်တန်းကျသော စည်းစိမ်ဥစ္စာများကို ရရှိသုံးဆောင်ကြရသဖြင့် ဘောဂသမ္ပတ္တိနှင့်လည်း ပြည့်စုံကြသည်။ ဉာဏ်ပညာထက်မြက် ထူးချွန်သော ဉာဏ်ကြီးရှင် ဘုန်းရှင် ကံရှင် သမ္ဘာရှင်များ ဖြစ်ကြရသည်။ ဈာန်မဂ်ဖိုလ် အရိယသစ္စာများကို သိမြင်နိုင်သော အရိယာပုဂ္ဂိုလ်မြတ်ကြီးများ ဖြစ်နိုင်ကြလေသည်။
တိဟိတ်သြမကကုသိုလ်ကံနှင့် ဒွိဟိတ်ဥက္ကဋ္ဌကုသိုလ်ကံတို့သည် အကျိုးပေးမူ တူညီကြသည်။ ဒွိဟိတ်ပုဂ္ဂများအဖြစ် ပဋိသန္ဓေ တည်နေကြရသည်။ ဒါနမူကြောင့် ဘောဂသမ္ပတ္တိနှင့် ပြည့်စုံနိုင်သည်။ သီလမူကြောင့် ဘ၀သမ္ပတ္တိနှင့် ပြည့်စုံနိုင်သည်။ သို့သော်လည်း ပညာဉာဏ်(အမောဟဟိတ်) ပဋိသန္ဓေကပင် ပါမလာသဖြင့် ဈာန်မဂ်ဖိုလ်တရားထူးများကိုမူ ဤဘ၀တွင် ရနိုင်ခွင့်မရှိကြတော့ပေ။
ဒွိဟိတ် သြမကကုသိုလ်ကံကြောင့် လူ့ပြည်နတ်ပြည်တို့တွင် ပဋိသန္ဓေ တည်နေနိုင်သည်။ လူ့ပြည်တွင် လူဖြစ်လာရသော်လည်း ပဋိသန္ဓေကပင် မျက်စိကန်းလာသူများ၊ နားထိုင်းလာသူများ၊ စကားမပီ ထစ်အ-နေသူများ၊ ထိုင်းမိုင်းဖျင်းအသူများ၊ ရူးနှမ်းသူများ၊ နပုံးပဏ္ဍုက် ဥဘတောဗျည်း(လိင်ဖောက်ပြန်သူ) စသည့် လူစဉ်မမီသူ၊ အောက်တန်းကျသူများ ဖြစ်လာကြရဥည်။ ဒုက္ခိတဘ၀ ရရှိလာကြသူများ ဖြစ်လာကြသည်။

ဆောင်ပုဒ်။ ။
ကုသိုလ်ပြုစဉ် ကံကျိုးမြင်သိ ဉာဏ်ယှဉ်ဘိမူ တိဟိတ်ကုသိုလ် ခေါ်ဆိုကြရိုး၊
အကျိုးမမြင် ဉာဏ်မယှဉ်သော် ခေါ်တွင်ဒွိဟိတ် ကုသိုလ်စိတ်တည်း၊
ကြိတ်လိပ်သေသပ် ရှေ့နောက်နှစ်ရပ်ဝယ် ညှပ်မူကုသိုလ် ဥက္ကဋ္ဌ်ဆို၏။
ထိုထိုနှစ်တန် အကုခြံလျှင် တဖန် သြမက အမည်ရသည် မှတ်ကြလွယ်ဖို့ အချုပ်တည်း။

ထို့ကြောင့် ဒါန သီလ ဘာဝနာ ကုသိုလ်လုပ်ငန်းပြုလုပ်စဉ် နည်းစနစ် မှန်ကန်ရန် အလွန်အရေးကြီးသည်။ ငွေကုန်ကြေးကျခံ၍ လူအပင်ပန်းခံ၍ ပြုလုပ်ခဲ့သော ကုသိုလ်တရား၏ အကျိုးအာနိသင်ကို ပြည့်ပြည့်၀၀ ရရှိရန် လိုအပ်သည်။
သံသရာဝယ် ကျင်လည်ရစဉ် ဘ၀များစွာတို့၌ ကမ္မဿကတာ ဉာဏ်ပညာရှိသူဖြစ်ရန် ခဲယဉ်းလှသည်။ ထိုကမ္မဿကတာဉာဏ်မပါဘဲ ကုသိုလ်မူများကို မည်မျှပင် ပြုလုပ်စေကာမူ တိဟိတ်ဥက္ကဋ္ဌကုသိုလ် အကျိုးတရား အထက်တန်းစားများကို ခံစားရမည်မဟုတ်ပေ။ ကံ ကံ၏ အကျိုးကို မယုံကြည်မသိမမြင်သူ အယူဝါဒမှားယွင်းသူများ၏ ကောင်းမူ ကုသိုလ်များသည် တိဟိတ်ဥက္ကဋ္ဌ အကျိုးပေးကြမည် မဟုတ်ပေ။ ကုသိုလ်ပြုစဉ် ဉာဏ်ပညာမျိုးစေ့ပါမှသာလျှင် အရိယာပုဂ္ဂိုလ်မြတ်များ ဘ၀ကို ရရှိနိုင်ပေမည်။
သို့ဖြစ်၍ ကုသိုလ်ပြုစဉ် ကံအကျိုးမြင်သိ ဉာဏ်ယှဉ်ဘိ၍ ရှေ့နောက် နှစ်ရပ်ကုသိုလ်ခြံရံ၍ ပြုလုပ်ပါမှသာ အဆင့်အမြင့်ဆုံးသော ကိုသိုလ်အကျိုးကို အပြည့်အ၀ ရရှိခံစားကြရပေလိမ့်မည်။
တောကူးကူးလေး
[Reference: Myanmar Friends Day Website]
No comments:
Post a Comment